မြိတ်မြို့နယ် သမုတ်ကျေးရွာအုပ်စုရှိ သမုတ် - လွတ်လွတ် တံတားသစ် ဖွင့်လှစ်

မြိတ်၊ ၂၀ ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် သမုတ်ကျေးရွာအုပ်စု၊ မြိတ် - ထားဝယ် - ရန်ကုန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သမုတ် - လွတ်လွတ် တံတားသစ်ကြီးကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၇ နာရီ ၁၀ မိနစ်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

တံတားသစ်ဖွင့်ပွဲတွင် သမုတ်ကျေးရွာ သမုတ်ကျောင်းသစ်မှ ဆရာတော် ဦးကောဝိဒနှင့် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ပြီး ဆရာတော်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူများက သမုတ် - လွတ်လွတ်တံတား ကမ္ပည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် သမုတ် - လွတ်လွတ်တံတားသစ်ကို ဖွင့်လှစ်ဖြတ်သန်းခွင့်ပြုပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံတားသစ်ကြီးအား ကြည့်ရှုစစ်ဆေးခဲ့ကြကာ မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာနေမှုကို ကြည့်ရှုအားပေးကြောင်း သိရသည်။

 

အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တံတားနှင့် ချဉ်းကပ်လမ်းအပါအဝင် ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ်သန်း (၁၁၈၀၀) ဖြင့် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့ပြီး တံတား၏ ပေအရှည်မှာ (၁၂၈၇)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်းတစ်ဖက်သုံးပေစီ ပါရှိသည့် နှစ်လမ်းသွားတံတားဖြစ်ကြောင်း၊ တံတား၏ခံနိုင်ဝန်မှာ AASHTO HS.25 Load Class (ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန် ၇၅ တန်) ခံနိုင်ဝန်ရှိပြီး ရေလမ်းကင်းလွတ် အကျယ်(၁၆၄)ပေနှင့် ရေလမ်းကင်းလွတ်အမြင့် (၁၅)ပေရှိကြောင်း၊ တံတားအမျိုးအစားသည် အုတ်မြစ် 1.5 Bore Pile၊ တံတားကိုယ်ထည်၊ တံတားတိုင်များမှာ သံကူကွန်ကရစ် (RC-Concrete) များဖြစ်ပြီး တံတားအပေါ်ထည် (Super Structure) မှာ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ (P.C Girder)၊ သေတ္တာပုံသံမဏိရက်မ (Steel Box Girder) နှင့် သံကူကွန်ကရစ်ကြမ်းခင်း (R.C Decking) များဖြင့် တည်ဆောက်ထားကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)