မြိတ်မြို့နယ်တွင် (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းလီမိတက်  အသင်းပိုင်ရုံးသစ်ဖွင့်ပွဲ ကျင်းပ

မြိတ်  ၂၅  နိုဝင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အောင်မြင်တိုးတက်လျက်ရှိသော မြိတ်မြို့နယ် (ပညာရေး) ငွေစု ငွေချေးသမဝါယမ အသင်းလီမိတက်၏ အသင်းပိုင်ရုံးသစ် ဖွင့်ပွဲကို ကမ်းနားလမ်း သာကေတရပ်ကွက် Market Garden Myeik ရှိ အဆိုပါ ရုံးသစ်တွင် နိုဝင်ဘာလ(၂၄)ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ  ရုံးသစ်အား တနင်္သာရီ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

မြိတ်မြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမအသင်းကို ဖွဲ့စည်းထားရှိသည်မှာ နှစ်ပေါင်း(၃၀)ကျော်ရှိခဲ့ ပြီး အသင်းသားဦးရေ(၂၈၀ဝ)ကျော်ရှိကာ အသင်းသားတစ်ဦးကို သာမန်ချေးငွေ၊ အထူးချေးငွေ၊ အရေးပေါ် ချေးငွေ(၃)မျိုး ထုတ်ချေးပေးလျက်ရှိကာ သာမန်ချေးငွေတွင် ဝန်ထမ်းလစာအပေါ်မူတည်၍ အများဆုံး ငွေကျပ်(၁၁) သိန်းမှ ကျပ်သိန်း(၂၀)အထိ အသင်းမှချေးပေးလျက်ရှိပြီး အတိုးနှုန်း အနေဖြင့်(၁.၃)ရာခိုင်နှုန်းဖြင့် ချေးငွေဆပ်ရန် ကာလအဖြစ် လ(၂၀)သတ်မှတ်ထားကာ အသင်သား စုငွေတွင် စာရင်းသေအတွက် (ဝ.၉)ရာခိုင်နှုန်းနှင့် စာရင်း ရှင်အတွက်(ဝ.၇)ရာခိုင်နှုန်း ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

 

 “အဓိကရည်ရွယ်ချက်က ပညာရေးဝန်ထမ်းဆရာ/မများ၏ လူမှုရေး စီးပွားရေးကို အထောက်အပံ့ ဖြစ်စေ ဖို့ ပညာရေးဝန်ထမ်းမိသားစုများ စီးပွားလူမှုအထောက်အပံ့ရအောင် အဓိကထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  အသင်းအနေဖြင့် ငွေစုငွေချေးလုပ်ငန်းအပြင် ပညာရေးနှင့် ပတ်သက်တဲ့ စာရေးကိရိယာလုပ်ငန်း သက်သောင့် သက်သာရအောင် အရောင်းအဝယ်လုပ်ပေးမယ်။ ဆရာ/မများရဲ့ သင်ကြားရေးမှာ အထောက်အကူဖြစ်မယ့် သင်ထောက်ကူ လုပ်ငန်းများကို သက်သောင့် သက်သာရအောင် လုပ်ငန်းသုံးပစ္စည်းတွေကို အဓိကထားပြီး ဖြန့်ဝေရောင်းချပေးဖို့လုပ်ငန်းကို အထွေထွေ လုပ်ငန်းအနေနဲ့ စဉ်းစားထားပါတယ်။ ရုံးသစ်မှာ ဆရာ/မတွေရဲ့ စွမ်းရည် မြင့်မားရေးသင်တန်းတွေကို ဦးဆောင်လုပ်ပေးဖို့ အစီအစဉ်တွေရှိပါတယ်” ဟု မြိတ်မြို့နယ်ပညာရေး ငွေစု ငွေချေး သမဝါယမအသင်း ဥက္ကဌ ဦးတင်မောင်ဆွေက ပြောသည်။

 

ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းပိုင်ရုံးသစ်ဖွင့်ပွဲတွင် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချောစုလှိုင်နှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဌ ဦးသိန်းဝင်း တို့က အမှာစကားပြောကြား ကြသည်။ ထိုနောက် မြိတ်မြို့နယ် ပညာရေး ငွေစုငွေချေး သမဝါယမ အသင်းလီမိတက် ဥက္ကဌ ဦးတင်မောင်ဆွေက အသင်း၏ လုပ်ဆောင်ချက်များနှင့် ကျေးဇူး တင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )