မြိတ်မြို့တွင် ဆိပ်ခံတံတားအနီး ရပ်ထားသော ကြံတိုင်းအောင်(၉) ခရီးသည်တင် အမြန်ယာဉ်မီးလောင်

မြိတ် ၄ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ယောကြီးဝဆိပ်ခံတံတားအနီး (ကြယ်ငါးပွင့်သင်္ဘောဆိပ်) တွင် ရပ်ထားသော ကြံတိုင်းအောင်(၉) အမည်ရှိ အလျား(၁၂၉)ပေ၊ အနံ(၁၅)ပေ၊ ရေစူး(၆)ပေရှိ သံကိုယ်ထည် ခရီးသည်တင် အမြန်ရေယာဉ်၌ ဇွန် ၄ ရက် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်က ခရီးသည်အခန်း(အပေါ်ထပ်)တွင် ထမင်းချက်ရန် ဂတ်(စ်)မီးဖိုဖွင့်ထားပြီး အပြင်ထွက်သွားစဉ် အနီးရှိ ပစ္စည်းများသို့ ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မီးလောင်မှုကို ပြည်သူတစ်ဦးမှ ဖုန်းသတင်းပေးပို့သဖြင့် ဗဟိုမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၃)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးနှင့် အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၇)စီး၊ ရေသယ်ယာဉ် (၄)စီး၊ လူနာတင်ယာဉ် (၁)စီး၊ လူမှုရေးအသင်းအဖွဲ့များမှ လူနာတင်ယာဉ် (၅)စီးဖြင့် မြိတ်ခရိုင် မီးသတ်ဉီးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၉ နာရီ ၅၈ မိနစ်၌ မီးငြိမ်းခဲ့သည်။

 

မီးလောင်မှုကြောင့် ဂတ်(စ်)မီးဖိုတစ်လုံး ဂတ်(စ်)ပိုက်ခေါင်းတစ်စုံ၊ မီးထိန်းပုံးတစ်လုံး၊ မိန်းခုံတစ်ခုံ၊ မျက်နှာကျက်အနည်းငယ် မီးလောင်ကျွမ်းခဲ့ပြီး ကျပ်ခုနစ်သောင်းခန့် ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုတွင် အမြန်ရေယာဉ်အစောင့်ဖြစ်သူ ဦးထွန်းအေး၌ လက်(ဝဲ/ယာ)တွင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ရာ လူနာတင်ယာဉ်ဖြင့် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူစေလျက်ရှိသည်။ မီးလောင်မှုတွင် ဒီစီပီ မီးသတ်ဆေးဘူး (၄)ဘူးဖြင့် ကနဦး မီးငြှိမ်းသတ်ထားကြောင်း မီးသတ်ဦးစီးဌာနမှ စစ်ဆေးတွေ့ရှိရပြီး မီးလောင်မှုတွင် တာဝန်ရှိသူ ဦးထွန်းအေးအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)