မြိတ်မြို့တွင် ကျောင်းပေါင်းစုံ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်   ၂၉  နိုဝင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် Township Sport Development Program အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကို မြိတ်ခရိုင် အားကစားခန်းမတွင်  ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲများကို နိုဝင်ဘာလ (၂၉)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

ဗိုလ်လုပွဲများတွင် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အထက(၈)အသင်းနှင့် အထက(၂)အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ အထက(၈)အသင်းက (၃)ပွဲ(၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် အထက(၈) အသင်းနှင့် အထက(သမုတ်)အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ အထက(သမုတ်)အသင်းက (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့၍ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အထက(၈)အသင်းနှင့် အထက(အင်္ဂမော်)အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ အထက(၈)အသင်းက (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

 

ပြိုင်ပွဲများယှဉ်ပြိုင်ကစားနေမှုကို ကျောင်းသား/သူများ၊ ဆရာ/မများ၊ အားကစားဝါသနာရှင်များ၊ ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ဘော်လီဘောအကောင်း ဆုံးအားကစားသမားဆု၊ ပြိုင်ပွဲများ၏ ဒုတိယဆုရရှိသောအသင်းတို့မှ အားကစားသမားများအား လည်ဆွဲဆုနှင့် ငွေသားဆု၊ ပထမဆုရရှိသော အသင်းတို့မှ အားကစားသမားများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားတို့ကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ပြိုင်ပွဲများကို နိုဝင်ဘာလ(၂၃)ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး အမျိုးသမီးဘော်လီဘော်ပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်အသင်း(၇)သင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၀)သင်း၊ အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင်ပြိုင်ပွဲဝင်အသင်း(၁၄)သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ  သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)