မြိတ်မြို့တွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မြိတ် ၂၂ မေ

လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြိတ်ခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအား မေ ၂၁ ရက်မှ စတင်ကာ စိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးခဲ့သည်။

“ဘဏ်ချေးတာက ယခင်နှစ်နဲ့ မတူပါဘူး။ နိုင်ငံတော်မှ အတိုးနှုန်းတွေ လျှော့ချပေးပါတယ်။ ယခင်နှစ်ကဆိုရင် အတိုးနှုန်းက (၈)ရာခိုင်နှုန်းဖြစ်ပါတယ်။ ငွေ(၁၀ဝ)ကို (၈)ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ငွေ(၁၀ဝ)ကို (၅)ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ ယခင်နှစ်ကချေးတာတော့ ခရိုင်ဘဏ်ခွဲအနေနဲ့ (၅)မြို့နယ် လူဦးရေက ၆၂၃၇ ဦး ရှိပါတယ်။ ငွေပေါင်းကတော့ သိန်းပေါင်း ၅၅၇၁၅ သိန်းရှိပါတယ်။ ဒီနှစ်တော့ ယခင်နှစ်နီးပါးဖြစ်မယ်လို့ ထင်ပါတယ်” ဟု မြိတ်ခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးသန်းစိုးက ပြောသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို ခရိုင်ဘဏ်ခွဲမှ ကလွင်ကျေးရွာရှိ တောင်သူ(၃၃)ဦး၊ အလယ်ချောင်းကျေးရွာရှိ တောင်သူ(၂၀)ဦး၊ ပပြင်ကျေးရွာမှ တောင်သူ(၁၇)ဦးတို့အတွက်  စိုက်ပျိုးစရိတ်ချေးငွေကို လယ်ဧကစုစုပေါင်း (၄၇၃)ဧကအတွက် (၇၀၉)သိန်း (၅)သောင်းကျပ်ကို စတင်ထုတ်ချေးပေးခဲ့သည်။ စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေးရာ၌ ကိုဗစ်ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် အရှေ့ကျောင်း (ဘုန်းတော်ကြီးကျောင်း) တွင် မြိတ်ခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးသန်းစိုးနှင့် ဝန်ထမ်းများမှ စနစ်တကျ ထုတ်ချေးပေးခဲ့သည်။ 

မြိတ်ခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်များရှိ ယခုနှစ် မိုးစပါးစိုက် တောင်သူစုစုပေါင်း (၆၂၀ဝ)ကျော်ကို လယ်ဧက(၃၇၀ဝ၀)ကျော်အတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူတစ်ဦးလျှင် လယ်တစ်ဧကတွင် ကျပ်တစ်သိန်းခွဲ ထုတ်ချေးပေး၍ အများဆုံးလယ်(၁၀)ဧကအထိ ချေးပေးသွားမည်ဖြစ်ကြောင်း၊ ခရိုင်ဘဏ်ခွဲမှ တောင်သူများအား သက်ဆိုင်ရာမြို့နယ်များအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ကွင်းဆင်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)