မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းပေါ်တွင်  ယာဉ်တိုက်မှုဖြစ်ပွားရာ ၂၂ ဦးဒဏ်ရာရရှိ

မိတ္ထီလာ ၇   နိုဝင်ဘာ

 

မိတ္ထီလာမြို့နယ် ဆည်ကုန်း(အနောက်)ကျေးရွာအနီး ဂွေ့ကြီးဘုန်းတော်ကြီးကျောင်းရှေ့ မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်းပေါ်တွင် နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်က ယာဉ်တိုက်မှုဖြစ်ပွားရာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် (၅/၃)နှင့်(၅/၄)အကြား အနောက်မှ အရှေ့သို့ ထူးထူးကျော် မောင်းနှင်လာသော အဖြူရောင်လိုက်ထရပ်ယာဉ်သည် အရှိန်ဖြင့် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ဝဲဘက်ယာဉ်ကြောသို့ ရောက်ရှိ သွားပြီး အရှေ့မှ အနောက်သို့ လွှမ်းမိုးအောင်  မောင်းနှင်လာသည့်  အဖြူရောင် (၆) ဘီးယာဉ်၏ ဝဲဘက်ခြမ်း ခါးပိုင်းအား ဝင်ရောက်တိုက်မိကာ ခြောက်ဘီး ယာဉ်မှာ ယာဘက်လမ်းပခုံးသို့ တိမ်မှောက်သွားပြီး လိုက်ထရပ်မှာ ဦးခေါင်းပိုင်း ကြေမွခဲ့သည်။

 

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်မောင်းဖြစ်သူ ထူးထူးကျော်နှင့်အတူ ယာဉ်ပေါ်ပါ အမျိုးသမီး နှစ်ဦး ၊ ခြောက်ဘီး ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး၊ အမျိုးသမီး (၁၇)ဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ထူးထူးကျော်အား အမှတ်(၁)နယ်မြေရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)