မိတ္ထီလာခြေလျင်တောင်တက်အဖွဲ့  အမြင့် ၆၀၂၀ ပေ ရှိသော ဆင်တောင်သို့တက်ရောက်မည်

မိတ္ထီလာ ၂၂   ဇွန် 

 

မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့၏ ၂၀၁၉ ခုနှစ် တောင်တက်ရာသီတွင် ရေခဲတောင် ခရီးစဉ်နှစ်ခုကိုလည်း တက်ရောက်မည်ဖြစ်ပြီး ရာသီအဖွင့်တောင်တက်ခရီးအဖြစ် သာစည်မြို့နယ်အတွင်းရှိ ဆင်တောင်(အမြင့် ၆၀၂၀ ပေ )ပေါ်သို့ဇွန် ၃ဝ ရက်နေ့တွင် တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဒီနှစ် မိတ္ထီလာခြေလျင်တောင်တက်ခရီးစဉ်တွေထဲမှာ ဖုန်ကန်ရာဇီအမြင့် ပေ ၁၁၉၂၀  နဲ့ မဒွယ် အမြင့်ပေ ၁၅ဝ၇၇  ရေခဲတောင်ခရီးစဉ်နှစ်ကိုလည်းထည့်သွင်းတက်ရောက်မှာဖြစ်ပါတယ်။  မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့ရဲ့ ၂၀၁၉ ခုနှစ် တောင်တက်ရာသီအဖွင့် ခရီးအဖြစ် အမြင့်ပေ ၆၀၂၀ ပေရှိတဲ့ ဆင်တောင်ကို ဇွန်လ ၃၀ ရက်နေ့မှာ တက်ရောက်သွားမှာဖြစ်ပါတယ်။ မိတ္ထီလာခြေလျင်တောင်တက်အဖွဲ့အနေနဲ့ မဒွယ် ရေခဲတောင်တက်ခရီးစဉ်ကိုတော့  ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးကို လိုက်ပါခဲ့ဖူးပြီးသား အဖွဲ့ဝင်တွေကိုပဲ ရွေးချယ်တက်ရောက်စေမှာဖြစ်ပြီး ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးကိုတော့ တောင်တက်အဖွဲ့ ဒီနှစ်တက်ရောက်မည့် တောင်တက်ခရီးစဉ်တွေထဲက အမြင့်ပေအများဆုံးတောင်တက်ခရီးတွေထဲက သတ်မှတ်တောင်တက်ခရီးစဉ်တွေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ပါဝင်နိုင်မယ့်အဖွဲ့ ဝင်တွေကိုပဲ ရွေးချယ်ပြီး တက်ရောက်စေဖြစ်ပါတယ်ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့၏  သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထွန်းထွန်းလွင်က ပြောသည်။

 

မိတ္ထီလာခြေလျင်နှင့်တောင်တက်ဖွဲ့၏ ၂၀၁၉ ခုနှစ်တောင်တက်ခရီးစဉ်များတွင် ပင်လယ်ကမ်းခြေ မိုင်ရှည်လမ်းလျှောက်ခရီးစဉ်တစ်ခု ပါဝင်ပြီး ဆင်တောင်၊မြင်းမထိ ၊  ပြက္ခရွေ့၊ ပုပ္ပါးတောင် ၊ အရှေ့မြင်အနောက်မြင်၊ မဲနယ်တောင်၊ မဒွယ် ရေခဲတောင် (၂၀၂၀ ဇန်နဝါရီ )၊  ဖုန်ကန်ရာဇီ ရေခဲတောင်  (၂၀၂၀ ဧပြီ ) များကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ချမ်းသာ  (မိတ္ထီလာ)