မိတ္ထီလာခရိုင်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းပေါင်း (၁၀၅) ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်

မိတ္ထီလာ ၈  ဇွန် 
 
 
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မိတ္ထီလာမြို့နယ်တွင် (၂၄) ကျောင်း၊ မလှိုင်မြို့နယ်တွင် (၁၃)ကျောင်း၊ သာစည်မြို့နယ်တွင် (၂၄)ကျောင်းနှင့် ဝမ်းတွင်းမြို့နယ်တွင် (၄၄) ကျောင်း စုစုပေါင်း ကျောင်းပေါင်း (၁၀၅)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
 
 
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မိတ္ထီလာခရိုင် အတွင်း၌ အထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၇)ကျောင်း၊ အလယ်တန်းကျောင်း(၃၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၈)ကျောင်း၊ မူလွန်ကျောင်း(၁၈) ကျောင်း၊ မူလတန်းကျောင်း(၆)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၆)ကျောင်း၊ စုစုပေါင်း(၁၀၅)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ရာ မိတ္ထီလာမြို့နယ်တွင် အထက်တန်းကျောင်းခွဲများဖြစ်သည့် တောမနှင့် တည်ပင်ကုန်းတို့အား အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပြီး အလယ်တန်းကျောင်းများဖြစ်သည့် ဖက်တော၊ ဒီးဒုတ်တောင်၊ အမှတ်(၃)၊ လေတပ်ကျောင်းများကို အထက်တန်းခွဲအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ 
 
 
ထို့နောက် အလယ်တန်း ကျောင်း (ခွဲ) များဖြစ်သည့် ပြည်သာယာ၊ သံဘို၊ သပြေကန်၊ အုံတုံ၊ သီးပင်ကုန်း၊ ကူတော်၊ ကန်တောင်၊ ညောင်ကုန်း(ရ)၊ သဖန်းပင်ကျောင်းများကို အလယ်တန်းကျောင်းများအဖြစ် အဆင့်တိုးမြှင့်ပြီး မူလွန်ကျောင်းများဖြစ်သည့် ကမ္ဘားတဲ၊ လက်ပံ့အိုင့်၊ နဘဲကုန်း၊ အုတ်ဖိုကြာကန်၊ ခင်လူး၊ ရေငံကျောင်းများကို အလယ်တန်းကျောင်းခွဲများအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ၎င်းနောက် ကျောက်ဖြူကုန်း မူလတန်းကျောင်းကို မူလွန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပြီး မကျီးကန်း၊ ကျောက်အိုး ကိုယ်ပိုင်ကျောင်းများအား မူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ 
 
 
သိန်းမြင့်ကျော်(မိတ္ထီလာ)