မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၂၃ ကျောင်းအနက် အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်သွားမည်

မိတ္ထီလာ  ၂၈  နိုဝင်ဘာ

မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၃)ကျောင်းတို့မှ အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ စာသင်ကြားရာတွင် ကျောင်းဆောင်လိုအပ်ချက် မရှိစေရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ကျောင်းဆောင်သစ်များကို တို့ချဲ့ ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၃)ကျောင်းတို့မှ အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်သွားမည် ဖြစ်သည်။ ၎င်းကျောင်းဆောင်သစ်များကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူ၍ တည်ဆောက်သွားမည် ဖြစ်သည်။ အဆိုပါ အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ တည်ဆောက်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောင်း(၁၈)ကျောင်းနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောင်း(၅)ကျောင်းတို့ကို ဆောက်လုပ်သွားမည်ဖြစ်သည်။

 

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင်  မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၃)ကျောင်းတို့မှ အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင် နှစ်ထပ် ကျောင်းဆောင်အဖြစ် အခြေခံပညာမူလတန်းကျောင်းများဖြစ်သည့် အမှတ်(၆)မင်းရပ်၊ ရဲပေါက်ချောင်း ကျောင်းများနှင့် အခြေခံပညာမူလတန်းလွန်ကျောင်းဖြစ်သည့် စျေးအရှေ့ပြင်တို့တွင် ဆောက်လုပ်သွား မည်ဖြစ်သည်။ ၎င်းအပြင် အခြေခံပညာအလယ်တန်းကျောင်းခွဲဖြစ်သည့် စစ်ရဲကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းဖြစ်သည့် ရှမ္မငယ်ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲဖြစ်သည့် လေတပ်ကျောင်းတို့တွင် ကျောင်းဆောင်သစ် ဆောက်လုပ်သွားမည်ဖြစ်သည်။

 

ဆက်လက်၍ တစ်ထပ်ကျောင်းဆောင်အဖြစ် အခြေခံပညာမူလတန်းကျောင်းများဖြစ်သည့် ကချင်လေး၊ အင်းကုန်း၊ ဆက်သွယ်ရေး၊ ရှင်မြို့၊ အမှတ်(၇၀)ဂွေးကုန်း၊ လူးခင်းကြီး၊ စက်ပစ်တောင်၊ မြောင်းပေါက်၊ ကြာအင်း၊ ကျိတ်ပုလဲ၊ ဖလံကျင်း၊ ကန်နီတောင်၊ ရွာသာ၊ ငဆက္ကန်၊ သက္ကယ်ကျင်း၊ ဝက်ကျောက်တို့နှင့်      အခြေခံပညာအလယ်တန်းကျောင်းခွဲ ဖြစ်သည့် သပြေကန်ကျောင်းတို့တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်သွားဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)