မိတ္ထီလာမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေပေးအပ်ပွဲ ကျင်းပ

မိတ္ထိလာ ၁၀ ဇန်နဝါရီ

 

မိတ္ထီလာမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်   ၉ နာရီ ၃၀ မိနစ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအေးဇော်မြင့်က  ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင်  ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀ဝ)ဖြင့်  မြစိမ်းရောင်စီမံကိန်းကျေးရွာ(၃)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြစိမ်းရောင် စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရာတွင် စနစ်တကျရှိစေရေးနှင့် စာရင်းဇယားများ ရေးသွင်းရာတွင် အမှားအယွင်း မဖြစ်ပေါ်စေရေးတို့အတွက် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင်  ကျေးရွာ တစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀ဝ)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်  ပျော်ဘွယ်(စံပြ)၊ ကုက္ကိုတော+တမာပင်နှင့် မုန်တိုင်ကျေးရွာတို့ရွာတို့မှ ကော်မတီဝင်များအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းနှင့် တာဝန်ရှိသူအသီးသီးတို့က စီမံကိန်းရန်ပုံငွေများပေးအပ်ခဲ့သည်။

 

မိတ္ထီလာမြို့နယ်တွင် ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို စီမံကိန်းဝင် ကျေးရွာ (၄၈)ရွာကို ထုတ်ချေးပေးနိုင်ခဲ့ပြီဖြစ်ရာ ၎င်းစီမံကိန်းကျေးရွာမှ ဒေသခံများမှာ စီမံကိန်းရန်ပုံငွေဖြင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများမှ စီးပွားဖြစ်လုပ်ငန်းများသို့ ကူးပြောင်းလုပ်ကိုင်လာနိုင်ကြပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)