မိတ္ထီလာ၌ နွေစပါး ၄၇၇ဧက စိုက်ပျိုးအောင်မြင်လျက်ရှိ

မိတ္ထီလာ ၇  မေ

 

မိတ္ထီလာ၌ ဒေသအတွင်းစားသုံးရန် ဖူလုံရေးအတွက်စိုက်ပျိုးသည့် နွေစပါး ၄၇၇ ဧက စိုက်ပျိုး အောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းထံက သိရသည်။

 

“မိတ္ထီလာမြို့နယ်အတွင်းက  စက်ပစ်တောင်၊ လျှော်ဖြူကန်၊ မုန်တိုင်၊ ဒဟတ္တန်းကျေးရွာတွေမှာ စုစုပေါင်း နွေးစပါး ၄၇၇ ဧက စိုက်ပျိုးအောင်မြင်နေတာ ဖြစ်ပါတယ်။ မိတ္ထီလာဒေသမှာ နွေစပါးစိုက်ပျိုးနိုင်မှုက  စိုက်ပျိုးရေးရရှိနိုင်မှုအခက်အခဲကြောင့် စိုက်ပျိုးနိုင်မှုက နည်းပါးပါတယ်။ ဒီနှစ်နွေစပါးစိုက်ပျိုးဧကလျာထားတာ ရ၇၅ ဧက ဖြစ်ပေမယ့် မိတ္ထီလာမြောက်ကန်ရေသောက် ဧက ၁၆၀ ကျော်၊  မိတ္ထီလာသောက်ကန် ရေသောက်ဧက ၁၅၀ ကျော်၊ မုန်တိုင်ဆည်ရေသောက် ဧက ၁၂၀ ကျော်၊ ချောင်းကောက်ဆည်ရေ သောက် ၄၁ ဧက စုစုပေါင်း ၄၇၇ ဧကပဲစိုက်ပျိုးရေရရှိမှုအခြေအနေရ စိုက်ပျိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ချောင်းကောက်ဆည် ရေသောက်မြောင်းတချို့က လာမယ့် မိုးစပါးစိုက်ပျိုးရာသီမှာ စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်မှုလုပ်နေတဲ့ လုပ်ငန်းတွေရှိတာကြောင့် အဲဒီဆည်ရေသောက်နွေစပါးဧကတချို့ မစိုက်ပျိုးနိုင်တာကြောင့် လျာထားချက် လျော့နည်းခဲ့ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ပြောသည်။

 

မိတ္ထီလာဒေသအတွင်း စပါးစိုက်တောင်သူများအနေဖြင့် နွေစပါးနှင့် မိုးစပါးများကို ဒေသအတွင်း စားသုံးရန်အတွက်သာ စိုက်ပျိုးနိုင်ပြီး မနောသုခ စပါးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)