မိတ္ထီလာ၌ ပြုံးတော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၃ဝဝ ခန့် တည်ထားလျက်ရှိ

မိတ္ထီလာ ၅ ဇူလိုင်

 

မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာရှိ အလိုတော်ပြည့်ကျောင်းတိုက် အောင်မြေဗောဓိဓမ္မရိပ်သာတွင် ပြုံးတော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၃ဝဝ ခန့်ကို တည်ထားလျက်ရှိကြောင်း အလိုတော်ပြည့်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ထံက သိရသည်။

 

“ကျောင်းတိုက်မြေဧရိယာကလည်း ကျယ်ဝန်းတဲ့အတွက် သရက်ပင်တွေရှိတာမို့ ဗောဓိတစ်ထောင်လို ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေ တည်ထားပြီး ဗုဒ္ဓဥယျာဉ်တစ်ခု တည်ထောင်ထားခဲ့ချင်တယ်။ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကိုလည်း ပြုံးတော်မူတဲ့ဟန်နဲ့ တည်ထားချင်တယ်။ ဘာလို့တည်ထားချင်သလဲဆိုတော့ မြတ်စွာဘုရားရဲ့ မျက်နှာတော်က တည်တည်ကြည်ကြည်ဟန်နဲ့ ပြုံးတော်မူတဲ့ဟန်နဲ့ပဲ သီတင်းသုံးတော်မူလေ့ရှိတယ်။ ပြုံးတော်မူတဲ့အခါမှာလည်း တစ်စုံတစ်ဦး တရားထူးရမယ်မြင်ရင်လည်း ပြုံးတယ်။ ပန်းသည်မဘဝကနေ မိဖုရားခေါင်ကြီးဖြစ်မယ့် ပန်းသည်မက မုန့်သုံးချပ်လှူတဲ့အခါ မြတ်စွာဘုရားက ပြုံးတော်မူတယ်။ သတ္တဝါတွေ ကောင်းကျိုးချမ်းသာရမယ့် အကြောင်းအရာကိုမြင်တိုင်း မြတ်စွာဘုရားက ပြုံးတော်မူလေ့ရှိတယ်။ အဲဒါကြောင့်  မြတ်စွာဘုရားရဲ့ အပြုံးဓာတ်တွေကို ရရှိပြီး ဖူးမြင်ရသူတိုင်း ကောင်းကျိုးချမ်းသာ ရပါစေဆိုတဲ့စိတ်နဲ့ အခုတည်ထားလျက်ရှိတဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကိုလည်း အားလုံးပြုံးတော်မူတဲ့ ဟန်တွေချည်း တည်ထားတာဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်စဉ်ကြောင့် မရွှင်မပြဖြစ်နေကြတဲ့သူတွေများတယ်။ အဲဒီလိုဖြစ်စဉ်ကနေ ဘုန်းကြီးအထင် ၂ဝ၂၃ လောက်ဆို မြန်မာပြည် ပိုမိုအေးချမ်းသာယာပြီး အားလုံးရွှင်ရွှင်ပျပျနဲ့ ပြုံးပြုံးရွှင်ရွှင် နေနိုင်မယ်လို့ ထင်တယ်။ အဲဒါကို ကြိုဆိုတဲ့အနေနဲ့လည်း ပြုံးတော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကို တည်ထားတာ ဖြစ်ပါတယ်။  အားလုံး ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၃ဝဝ ဆူခန့်အထိ တည်ထားမှာဖြစ်ပါတယ်” ဟု  အလိုတော်ပြည့်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ပညာသာရက မိန့်ကြားသည်။

 

ပြုံးတော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို မန္တလေးမြို့မှ ပင့်ဆောင်ခြင်းဖြစ်ပြီး ဉာဏ်တော် ၃ ပေခွဲ ရိုးရိုးပလ္လင်ဖြင့် ၁ဝ သိန်းကျပ်၊ ဉာဏ်တော် ၃ ပေခွဲ တကဲပလ္လင်ဖြင့် ကျပ်သိန်း ၂ဝ ခန့် ကုန်ကျပြီး အလှူရှင်များ လှူဒါန်းမှုဖြင့် တည်ထားလျက်ရှိရာ ၁၅ ဆူခန့် စတင်တည်ထားပြီးဖြစ်သည်။ အဆိုပါ အလိုတော်ပြည့်ကျောင်းတိုက် အောင်မြေဗောဓိဓမ္မရိပ်သာတွင် ပြုံးတော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကိုသာမက လွန်ခဲ့သည့် ၁၂ နှစ်ခန့်က တည်ထားသည့် ကမ္ဘာ့အကြီးဆုံး အလိုတော်ပြည့်ဘုရားပုံတော် ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကိုလည်း ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)