မိတ္ထီလာရက်ကန်းသင်တန်းကျောင်းမှ  ဒီဇိုင်းဆန်းများ ရက်လုပ်ခြင်းနှင့်  သင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေ

မိတ္ထီလာ  ၁၂    ဇွန်

မိတ္ထီလာမြို့ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းနည်းပြများ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် လှပဆန်းသစ်သည့် ဒီဇိုင်များ ရက်လုပ်ခြင်းနှင့် သင်တန်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ မြန်မာ့ရိုးရာရက်ကန်းပညာနှင့် တိုင်းရင်းသားများ၏ ရိုးရာရက်ကန်းပညာကို ထိန်းသိမ်းရန်၊ ရက်ကန်းပညာကျွမ်းကျင်သည့် မျိုးဆက်သစ်များ မွေးထုတ်ရန်နှင့် ခေတ်မှီရက်ကန်းနည်းပညာများ တိုးတက်ပြန့်ပွားရေးတို့အတွက် လက်ရက်ကန်း၊ စက်ရက်ကန်းပညာရပ် များကို နှစ်စဉ် အခမဲ့ဖွင့်လှစ်သင်တန်းကြားပေးလျက်ရှိသည်။ ထိုသို့ သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သောကြောင့် ၎င်းသင်တန်းများ ဖွင့်လှစ်မှု ခေတ္တရပ်နားခဲ့သည်။ ယင်းသို့ သင်တန်းများ ခေတ္တရပ်နားထားရမှ ပြန်လည်ဖွင့်လှစ်ပါက လှပဆန်းသစ်သည့် ဒီဇိုင်များ သင်ကြားနိုင်ရေးအတွက် သင်တန်းနည်းပြများမှ နေ့စဉ်တီထွင်ရက်လုပ် လျက်ရှိသည်။

၎င်းအပြင်  ရက်ကန်းနှင့် အသက်မွေးဝမ်းပညာသင်တန်းကျောင်းမှ နှစ်စဉ် အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည့် သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ  ဇူလိုင်လ နှင့် သြဂုတ်လအတွင်း၌ ဆေးရေးပန်းချီသင်တန်း၊ အဝတ်နှာခေါင်းစည်းချုပ်လုပ်နည်း၊ ဆိုင်ကယ်ပညာ သင်တန်း၊ သဘာဝဆေးဆိုးသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်းထုတ်လုပ်နည်း သင်တန်းများကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးသာဝက ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)