မိတ္ထီလာတောင်ကန် ပတ်ဝန်းကျင်၌ ဆောင်းခိုငှက်များ စတင်ရောက်ရှိကျက်စား

မိတ္ထီလာ ဖေဖော်ဝါရီ ၁၄

 

မိတ္ထီလာဒေသသို့ ဆောင်းရာသီကာလရောက်တိုင်း နှစ်စဉ်လာရောက်လေ့ရှိသော ဆောင်းခိုငှက်များသည် မိတ္ထီလာတောင်ကန် ပတ်ဝန်းကျင်၌ စတင်ရောက်ရှိ ကျက်စားလျက်ရှိကြောင်း သိရသည်။

 

“မိတ္ထီလာဒေသကို ဆောင်းရာသီကာလရောက်တိုင်း နှစ်စဉ်လာရောက်လေ့ရှိတဲ့ ဆောင်းခိုငှက်မျိုးစုံ မိတ္ထီလာမြောက်ကန် ပတ်ဝန်းကျင်မှာ ရောက်ရှိကျက်စားနေကြတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းနဲ့ ဇန်နဝါရီ လဆန်းပိုင်း အချိန်ကတည်းက ဖြစ်ပေမယ့် မိတ္ထီလာတောင်ကန်ဘက်ကိုတော့ အခုရက်ပိုင်းအတွင်းမှပဲ ရောက်ရှိလာ တွေ့ရတယ်။ နှစ်စဉ် မိတ္ထီလာတောင်ကန်ဘက်ကို လာရောက်တဲ့ ဆောင်းခိုငှက်အများစုက ပေါက်ချောင်းရပ်ကွက် ကန်ပတ်လမ်းအနီးက ကန်ရေပြင်မှာ ကျရောက်ကျက်စားတာဖြစ်ပြီး ဒီနှစ်လည်း အဲဒီနေရာမှာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ မိတ္ထီလာတောင်ကန်ဘက်မှာတော့ ပေါက်ချောင်းကန်ပတ်လမ်းပြီးရင် တောင်ကန် တောင်ဘက်ဖျားနားက လူးခင်ကြီးကျေးရွာနဲ့ နွားစမ်းတောင်ကျေးရွာအနီး ရေကန်စပ်တဝိုက်မှာလည်း ဆောင်းခိုငှက်တချို့ကို မြင်တွေ့ရတယ်” ဟု ဒေသခံ ငှက်ကြည့်ဝါသနာရှင် တစ်ဦးဖြစ်သူ ကိုရန်နိုင်လှက ပြောသည်။

 

မိတ္ထီလာမြောက်ကန်တွင် ယခုနှစ်ဆောင်းရာသီကာလ၌ ဆောင်းခိုငှက်များအား နန်းတော်ကုန်းရပ်ကွက် မြောက်ဘက်ရှိ ကန်ရေဝပ်ဧရိယာနေရာများတွင် လည်းကောင်း၊ ကုလားမကျွန်းကျေးရွာ၊ အုတ်နှဲဘုတ်ကျေးရွာ၊ အင်းပက်လက်ကျေးရွာနှင့် ကျောက်ဖြူကုန်းကျေးရွာ၊ ရွာမကျေးရွာများအနီးရှိ ကန်ရေဝပ်ဧရိယာများတွင် တွေ့ရှိရသည်။ ယခုနှစ်‌ဆောင်းရာသီကာလတွင် မိတ္ထီလာဒေသသို့ရောက်ရှိကျက်စားသော ဆောင်းခိုငှက်များအား  လေးခွဖြင့်ပစ်ခြင်း၊ ပိုက်ကွန်ဖြင့်ထောင်ခြင်း စသည့် နည်းလမ်းများဖြင့် ပြုလုပ်မှုများ ပိုမိုများပြားလာခြင်းကြောင့် ဆောင်းခိုငှက်များအား ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုစေရေး အသိပညာပေးခြင်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။ မိတ္ထီလာဒေသတွင် နှစ်စဉ် ရောက်ရှိကျက်စားလေ့ရှိသည့် ခရုစုပ်ငှက်၊ ဒေါင်းလန်းခြေထောက်၊ ဝမ်းဘဲဟင်္သာ၊ မယ်ညို၊ ရေကြက်ဒုံ စသည့် ဆောင်းခိုငှက်အများအပြားကို အဆိုပါနေရာများတွင် တွေ့မြင်နိုင်ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)