MIU ဖူဆယ်အသင်း ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစား

ရန်ကုန် ၁၄ ဇွန်

၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်နေသည့် MIU ဖူဆယ်အသင်းသည် ပထမပွဲအဖြစ် ယနေ့မွန်းလွဲပိုင်းက ထိုင်းနာမည်ကြီးကလပ် ဘန်ကောက် BTS အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။

၂၀၁၈ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဗိုလ်စွဲထားသည့်အပြင် လက်ရှိထိုင်းဖူဆယ်လိဂ်၌ ထိပ်တန်းစာရင်းဝင် ဘန်ကောက် BTS အသင်းနှင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီးMIU ဖူဆယ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ MIU ဖူဆယ်အသင်းသည် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ကစားခဲ့ပြီး ဘန်ကောက် BTS အသင်းကို တစ်ဂိုးတည်းဖြင့်သာကပ်၍ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဘန်ကောက် BTS အသင်းအတွက် အနိုင်ဂိုးကို ပထမပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ MIU ဖူဆယ်အသင်းသည် ပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ပြီး ဒုတိယပွဲအဖြစ် ဇွန် ၁၅ ရက် မွန်းလွဲပိုင်းတွင် ထိုင်းကလပ် ဟောင်ယန်တာခမ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

MIU ဖူဆယ်အသင်းသည် ဇွန် ၁၆ ရက်တွင် ဘန်ကောက်မြို့မှ နာခွန်ရတ်ချက်စီမာမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရဲရင့်ရှိုင်း