မိုဘိုင်းငွေကြေး ဝန်ဆောင်မှုပေးနေသည့် Wave Money မှ Chief Executive officer Brad Jones နှင့်မေးမြန်းခြင်း

မန္တလေး ၅ မေ

 

မန္တလေးမြို့က Wave Money မိုဘိုင်းဖြင့် ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်ပေးနေသည့် ကိုယ်စားလှယ် အချို့ထံမှ ငွေခိုးထုတ်ယူခံရမှုများ ပြီးခဲ့သည့် ဧပြီလကုန်းပိုင်းက ဖြစ်ပွားခဲ့သည်။ ယခုလို ဖြစ်ပွားတာနှင့်ပတ်သက်၍ Wave Money ကုမ္ပဏီမှ Chief Executive officer Brad Jones နှင့်မေးမြန်းဖြစ်ခဲ့သည်။

 

မေး။ ။မြန်မာနိုင်ငံတွင် Wave Money ဝန်ဆောင်မှုကို ဘယ်အချိန်က စတင်ဆောင်ရွက်ခဲ့ပါသလဲ။ ဘယ်လိုဝန်ဆောင်မှုတွေပေးပါသလဲ။

 

ဖြေ ။ ။ Wave Money ဆိုတာက မြန်မာနိုင်ငံရဲ့ မိုဘိုင်း ငွေကြေး ဝန်ဆောင်မှု ကဏ္ဍမှာ ပထမဆုံးနဲ့ အဓိက ဦးဆောင်သူ အဖြစ် ရပ်တည်နေပါတယ်။ သြဂုတ်လ ၂၀၁၆ ခုနှစ် ကတည်းက ငွေလွှဲငွေထုတ် ဝန်ဆောင်မှု ပေးအပ်ခဲ့ပြီး လက်ရှိ မှာတော့ တစ်လကို ငွေလွှဲငွေထုတ် Transaction ပေါင်း ၁.၄ သန်းကျော်နဲ့ လုပ်ငန်း လည်ပတ်ဆောင်ရွက်နေပါတယ်။ ငွေလွဲငွေထုတ်ဝန်ဆောင်မှု ကို Wave Money အေဂျင့်မှတဆင့် ဖြစ်ဖြစ်၊ Wave Money အကောင့် app မှ ဖြစ်ဖြစ်ဝန်ဆောင်မှု လုပ်ဆောင်နိုင်ပါတယ်။

 

မေး ။ ။ Wave Money ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေတဲ့ ကိုယ်စားလှယ်နဲ့ သုံးစွဲသူဘယ်လောက်ရှိ ပါသလဲ။

 

ဖြေ။ ။ လက်ရှိအချိန်မှာဆိုရင် မြန်မာတနိုင်ငံလုံးအနှံ့မှာ ဆိုင်ပေါင်း ၂ သောင်း ၃ ထောင်နဲ့ အတူ Wave အသုံးပြု သူပေါင်း ၁.၅ သန်းကျော်ကို ငွေလွဲငွေထုတ် ဝန်ဆောင်မှု ပေးအပ်နေပါတယ်။

 

မေး။ ။မန္တလေးမြို့မှာ ပြီးခဲ့သည့်လကုန်ပိုင်းက Wave Money ကိုယ်စားလှယ်အချို့ရဲ့ အကောင့်တွေထဲကနေ ငွေခိုးထုတ်ယူမှုတွေဖြစ်ပွားခဲ့တယ်။ ကိုယ်စားလှယ်တွေဆီကနေ verification code ကို ပိုင်ရှင်မသိအောင် ကြည့်ပြီး ငွေတွေခိုးထုတ်မှုနဲ့ ပတ်သက်လို့ Wave Money အနေနဲ့ နောက်ထပ်မဖြစ်အောင် ဘယ်လိုဆောင်ရွက် နေပါသလဲ။

 

ဖြေ။ ။ အကောင်းဆုံး နည်းလမ်းကတော့ pin code တွေကို သူများ မသိမိအောင် ကာကွယ်ဖို့အရေးကြီးတယ်။ ဘယ်သူတွေက ချဉ်းကပ်ချဉ်းကပ် ဆိုင်ရှင်ကိုယ်တိုင် ကိုယ့်ရဲ့ pin code ကို Sharing မလုပ်ဖို့ အရေးကြီးတယ်။ Wave Money ရဲ့ System ဘက်ကတော့ လုံခြုံစိတ်ချရမှု အပြည့်ရှိတယ်။ ဒီဝန်ဆောင်မှုရဲ့ နည်းပညာက တကမ္ဘာလုံးမှာ သုံးနေတဲ့ နည်းပညာနဲ့ ဖွဲ့စည်းဆောင်ရွက်ထားပါတယ်။ တစ်စုံတစ်ခုကို သင်္ကာမကင်း ဖြစ်လာရင်လည်း ၂၄ နာရီလုံးလုံးအလုပ်လုပ်တဲ့ ကျွန်တော်တို့ရဲ့Wave Money Call Center ကိုဆက် သွယ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆိုင်ရှင်ကိုယ်တိုင် သူတို့ရဲ့ ပင်ကုတ်ကို အသစ်ပြောင်းလို့ရပါတယ်။

 

မေး။ ။မန္တလေးမြို့တွင်သာမက တခြားမြို့တွေမှာလည်း အခုလိုအမှုတွေဖြစ်ပွားခဲ့တယ်လို့သိရတယ်။ ဟုတ်ပါ သလားရှင့်။

 

ဖြေ။ ။တစ်ကမ္ဘာလုံးရဲ့ မိုဘိုင်း ငွေရေး၊ကြေးရေးဝန်ဆောင်မှုရှိတဲ့ နေရာတိုင်းမှာတော့ ဒီလိုမျိုး ငွေကြေးလိမ် လည်ထုတ်ယူတဲ့ ပြဿနာ ကြုံတွေ့ရတတ်ပါတယ်။ Wave Money က လည်း ဒီလို ပြသာနာမျိုးကြုံပြီဆိုတာနဲ့ အမြန်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတွေသုံးပြီး ဖြေရှင်းသွားဖို့အမြဲအသင့်ရှိပါတယ်။ အဓိက ပြောချင်တာ ကတော့ ဘယ်လုပ်ငန်းမှာမဆို ဒီလိုမျိုး ငွေကြေးလိမ်လည်မှုဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ဖြစ်လာဆိုရင်တော့ ကြီးမားလောက်တဲ့ ပြသနာကို သေးသွားအောင်ရယ်၊ နောက်ထပ်တစ်ကြိမ် အလားတူ ပြသာနာမျိုး ထပ်မဖြစ် အောင် သေသေချာချာနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။

 

မေး။ ။ ကိုယ်စားလှယ်တွေအသုံးပြုတဲ့ Wave Money ဖုန်းနံပါတ်မှာ Verification code ကျလာရင် သတိထားဖို့ ၊ password ပြောင်းပြီး လုံခြုံရေးမြှင့်တင်ဖို့ ကြိုတင်အသိပေးထားတာမရှိဘူးလို့ သိရတယ်။ Wave Money account လုံခြုံမှုအပိုင်းနဲ့ပတ်သတ်လို့ ကိုယ်စားလှယ်တွေကို ဘယ်လိုများအသိပေးထားပါသလဲ။

 

ဖြေ။ ။ကျွန်တော်တို့ဘက်က အမြဲတမ်းဆိုသလို ဆိုင်ရှင်တွေရဲ့ အကောင့်လုံလုံခြုံခြုံ ထိန်းသိမ်းခြင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပို့ချပေးပါတယ်။ ကိုယ့်ရဲ့ ပင်ကုတ်ကို သူများတွေနဲ့ မရှယ်မိစေဖို့ အသိပေး မက်ဆေ့တွေ လည်းပို့ပေးတယ်။၊ အသိပေးလက်ကမ်းစာစောင်လေးတွေလည်း ဝေမျှဖြစ်ပါတယ်။ မကြာသေး ခင်ကမှ ဆိုင်ရှင်တွေ လုပ်ဆောင်ရမှာရယ် ရှောင်ရှားကြမှာရယ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ဖေ့ဘုတ်ပေါ်ကနေပြီး တိုက်ရိုက် အသိပေးခဲ့ပါသေးတယ်။

 

မေး ။ ။ကိုယ်စားလှယ်တစ်ဦးက သူ့ရဲ့ ငွေတွေထုတ်ယူခံနေရလို့ သူ့ရဲ့ Wave Money account ကို ပိတ်ပေးဖို့ ပြောခဲ့ပေမယ့် အချိန်မှီ ပိတ်မပေးခဲ့လို့ သူ့ရဲ့ငွေ ၁၀ သိန်းပါသွားတယ်လို့ပြောတယ်။ ကိုယ်စား လှယ်ရဲ့တောင်းဆိုချက်နဲ့ သူ့ရဲ့ Wave Money account ကိုပိတ်ပေးဖို့ဆိုရင် အချိန်မီပိတ်ပေးနိုင်ဖို့ ဘာလိုတွေဆောင် ရွက်ပါသလဲ။

 

ဖြေ။ ။ ကျွန်တော်တို့ Wave Money ရဲ့ ငွေလွှဲ ငွေထုတ် စာရင်းတွေ ကို audit နဲ့ စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။ ဆိုင်ရှင်တွေက မသမာမှုကိုရိပ်မိပြီး ကျွန်တော်တို့ကို အကြောင်းကြားချင်းမှာပဲ ကျွန်တော်တို့ကချက်ချင်း အရေးယူဆောင်ရွက်မယ်ဆိုတာ သိလို့ ငွေကြေးလိမ်လည်သူတွေဟာ ဆိုင်ရှင်တွေဆီကနေ ၁မိနစ်၂မိနစ် လောက်သာ ခြားပြီး ငွေကြေးလိမ်လည်ထုတ်ယူသွားတာပါ။ အေးဂျင့်တွေက ကျွန်တော်တို့ဆီ ဆက်သွယ် လာချိန်မှာပဲ ငွေကြေးတွေ လိမ်လည်ထုတ်ယူသွားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီ ဖုန်းဆက်အကြောင်း ကြားတော့ ကျွန်တော်တို့ဘက်က အေးဂျင့်အကောင့်ကို ယာယီပိတ်ပေးခဲ့ပါတယ်။ ပြောချင်တာက ကိုယ့်ရဲ့ လျှို့ဝှက်ပင်ကုတ်ကို ပြင်ပလူ သိသွားပြီလို့ ယူဆတာနဲ့ ငွေကြေးမဆုံးရှုံးအောင် ပင်ကုတ်အသစ် ချက်ချင်း ပြောင်းပစ်ပါလို့ အကြံပြုချင်ပါတယ်။



မေး ။ ။ Wave Money နဲ့အကျိုးတူဆောင်ရွက်နေတဲ့ ကိုယ်စားလှယ်အချို့ဆီက ငွေထုတ်ယူခံရမှုနဲ့ ပတ်သက်လို့ တာဝန်ယူမှုအားနည်းနေတယ်လို့ပြောကြတယ်။ အဲဒါနဲ့ပတ်သက်ပြီးပြောပေးပါအုံးရှင်။

 

ဖြေ။ ။ လတ်တလောဖြစ်သွားတဲ့ ပြသာနာ အရင်းအခံကတော့ အပြင်ပေါက်ကြားလို့မရတဲ့ဆိုင်ရှင်တွေရဲ့ လျှို့ဝှက် နံပါတ်ကို အုပ်စုဖွဲ့ပြီး ရယ်ရွယ်ချက်ရှိရှိ ခိုးယူခံရပြီး ဆိုင်ရှင်ရဲ့ အကောင့်ထဲမှာ ရှိတဲ့ ငွေကြေးအချို့ လိမ်လည်ထုတ်ယူတာမျိုး ဖြစ်သွားတာပါ။ ပြီးတော့အခု အပြင်မှာ ပြောနေကြတဲ့ Wave Money လုံခြုံရေးစနစ် အကောင့်ကျိုးပေါက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ Customer တွေရဲ့ Account ထဲမှာ ရှိတဲ့ ငွေကြေးက လုံလုံခြုံခြုံ ရှိနေတယ်။ အဟက်(က်)ခံရလို့မှ ငွေကြေးတွေ မရှိတော့ဘူးဆိုတာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ မသာမာသူ တချို့ကနေပြီးတော့ အေးဂျင့်ဘက်နေ ရယူပြီး လုပ်သွားတာ ဖြစ်တယ်။ Wave Money ဘက်က ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်ချင်တာမို့ လက်ရှိမှာ မန္တလေးမြို့တွင်းရှိ Wave Money အေးဂျင့်များအား ကူညီဖြေရှင်းဖို့နဲ့ ပြစ်မှုကျူးလွန်သူများ ကို ဖမ်းစီးနိုင်ဖို့အတွက် Wave Money ကတာဝန်ရှိသူတွေ ပြည်သူ့ရဲများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နေပါပြီ။ မသမာမှုမှာ ခန့်မှန်းချေ လူ ၂ ဦးပါဝင်တယ်။ အဲ ၂ ဦးနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သတ်ပြီးတော့လည်း ရဲတွေကို အပ်ထားပါတယ်။ တည်ဆဲ ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမှာပါ။

 

မေး ။ ။ သုံးစွဲသူနဲ့ ကိုယ်စားလှယ်တွေရဲ့ ယုံကြည်မှုရရှိဖို့ ဘယ်လိုများဆက်လက်ဆောင်ရွက်သွားပါမလဲရှင်။

 

ဖြေ။ ။ကျွန်တော်တို့ဟာ မြန်မာနိုင်ငံအနှံ့ ဆိုင်ပေါင်း ၂၃,ဝ၀ဝ ကျော်ခန့်နဲ့ အသုံးပြုသူပေါင်း ၁.၄ သန်းကျော်ကို ဝန်ဆောင်မှု ပေးနေတာပါ။ Wave Money ဖြတ်သန်းလာတဲ့ ခရီးလမ်းတစ်လျှောက် ဝိုင်းဝန်းအားဖြည့် ပေးခဲ့ကြ တဲ့ ဆိုင်ရှင်များနဲ့ Wave Money အသုံးပြုသူအားလုံး တစ်ဦးချင်စီတိုင်းကို လေးလေးနက်နက်ကျေးဇူး တင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေး ကဏ္ဍ ဖွံဖြိုးလာတာနဲအမျှလည်း ဒီကဏ္ဍမှာလည်း Wave Money က အဓိက ဦးဆောင်သူ တစ်ဦးဖြစ်တာနဲ့အညီ ရှေ့ဆက် ဒီထက် အတူတကွ ပိုမိုတိုးတက်အောင် ကြိုးစား ဆောင်ရွက်သွားမှာပါ။ Mobile Money Service ရှိတဲ့ ဘယ်နေရာ ဘယ်နိုင်ငံမဆို ဒီလိုမသမာမှုတွေရှိကြ ကြုံတွေ့ကြစမြဲပါ။ ဒီလို မသမာမှုတွေကြုံရင်လည်း Wave Money ရယ် အေးဂျင့်ရယ် အသုံးပြုသူတွေ အတူ တကွဖြေရှင်းပြီး ဒီထက်ပို ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်သွားဖို့ပဲ လိုလားပါတယ်။



ကျေးဇူးတင်ပါတယ်။

 

အိမို့မို့ခိုင်