မျိုးဆက်သစ်အားကစားကောင်းများပေါ်ထွက်လာစေရန် ကလေးများဘောလုံးပွဲတော် Grassroot Fastival ကျင်းပ

မန္တလေး ၃ ဇူလိုင်


မြန်မာနိုင်ငံတွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန်အတွက် ကလေးများဘောလုံးပွဲတော် Grassroot Fastival ကို မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိဘောလုံးကွင်းတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဘောလုံးပွဲတော်တွင် အသက် ၆ နှစ်မှ ၁၂ ကြားရှိ အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသူ ၊ ကျောင်းသား ၂၅၀ ပါဝင်ခဲ့ကြောင်း သိရသည်။


‘ဘောလုံးကိုထိတွေ့တာ ၊ ဘောလုံးနဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်တာ ၊ ဘောလုံး အခြေခံနားလည်အောင် ၂ နာရီကြာ သင်ပေးတာပါ။ မန္တလေးတိုင်းအတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်းမှာရှိတဲ့ကလေးငယ်တွေကို သင်ပေးတာပါ’ဟု Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောသည်။


ကလေးများဘောလုံးပွဲတော်ကို ရန်ကုန် ၊ မန္တလေး ၊ စစ်ကိုင်း ၊ မကွေး ၊ ကရင် ၊ ရှင်း ၊ ပဲခူး ၊ မွန် ၊ ဧရာဝတီ ၊ ရခိုင် စသည့်တိုင်းဒေသကြီးပြည်နယ်များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ကလေးများအတွက် ဘောလုံးအင်္ကျီ၊ ကျောပိုးအိတ် ၊ ထီး ၊ ဘောလုံး စသည်များကို Myanmar Care ၊ MPT တို့က ပံ့ပိုးကူညီထားကြောင်း သိရသည်။


‘မြန်မာလူမျိုးတွေက ဘောလုံးအားကစားကို ဘယ်လောက်တောင်ချစ်တယ်ဆိုတာ သိရတဲ့အတွက် ၊ ကလေးသူငယ်တွေအတွက် ဘောလုံးကိုပံ့ပိုးခြင်းဖြင့် Team Work ကိုသိသွားမယ်။ကာယကြံ့ခိုင်မယ်။ ပညာရေးအတွက် အထောက်အကူဖြစ်အောင်လို့ အခုလိုထောက်ပံ့ပေးဖြစ်တာပါ’ ဟု Myanmar Care ၏ မန်နေဂျင်းဒါရိုက်တာ ကာဇူဖုမိနာကာရှီးမားက ပြောသည်။ ကလေးများဘောလုံးပွဲတော်ကို ၂၀၁၈ ခုနှစ်က တိုင်းဒေသကြီး ၈ ခုတွင် စတင်ကျင်းပခဲ့သည်။


အိမို့မို့ခိုင်
 

 

1