မှိုစိုက်ပျိုးရောင်းချသည့် တောင်သူများ အဆင်ပြေစေရန် လိုအပ်သည့်မျိုးများ ဖြန့်ဖြူးပေးနေ

ပြင်ဦးလွင် စက်တင်ဘာ ၂၈

 

မန္တလေးတိုင်းဒေသကြီးအတွင်း မှိုစိုက်ပျိုးထုတ်လုပ်ရောင်းချသည့် တောင်သူများ အဆင်ပြေစေရန် မျိုးထိန်းသိမ်းစိုက်ပျိုးပြီး လိုအပ်သည့် မှိုမျိုးများကို ဖြန့်ဖြူးပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ပြင်ဦးလွင်မြို့နယ် မှိုသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ သိရသည်။ 

 

မြန်မာနိုင်ငံတွင် မှိုသုတေသနခြံ ငါးခြံရှိပြီး မှိုမျိုးထုတ်လုပ်ဖြန့်ဖြူးရေးနှင့် နည်းပညာ ပြန့်ပွားရေးကို အဓိကထား ဆောင်ရွက်ပေးနေကြောင်း၊ အအေးပိုင်းဒေသရှိ ပြင်ဦးလွင် မှိုသုတေသနခြံမှ အဓိက ထုတ်လုပ်ဖြန့်ဖြူးသည့် မျိုးများမှာ ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှို၊ အအေးပိုင်းမှိုများဖြစ်ကြသည့် ရှီတာကီမှိုနှင့် ဆေးဘက်ဝင် မျောက်ခေါင်းမှိုများကို မျိုးထိန်းစိုက်ပျိုး ဖြန့်ဖြူးပေးလျက်ရှိပြီး မှိုမျိုးသစ်များဖြစ်သည့် ရွှေအပ်မှို၊ မှိုဘုရင်မှို စသည့်မျိုးများကိုလည်း စမ်းသပ်စိုက်ပျိုးထားရှိကြောင်း၊ အပူပိုင်းဒေသရှိ ခြံများတွင် ကောက်ရိုးမှို၊ လင်ဇီးမှိုနှင့် နို့စိမ်းမှိုမျိုးတို့ကိုလည်း မျိုးထိန်းပြီး ဖြန့်ဖြူး ထုတ်လုပ်လျက်ရှိကြောင်း၊ ထို့အတူ မြန်မာပြည်အနှံရှိ နေရာဒေသအလိုက် မှိုစိုက်ပျိုးသည့် တောင်သူများထံ သွားရောက်၍ မှိုမျိုးစုံ မွေးမြူစိုက်ပျိုး နည်းပညာများနှင့် သင်တန်းများကို ပေးလျက်ရှိကြောင်း ပြင်ဦးလွင်မြို့နယ် မှိုသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ တာဝန်ခံ ဒေါ်စိုးစိုးနွယ်က ပြောပြသည်။

 

mdn

 

အဆိုပါ မှိုသုတေသနခြံမှ အထက်မြန်မာပြည် နေရာအနှံ့ရှိ မှိုစိုက်တောင်သူများအတွက် လိုအပ်သည့် မှိုမျိုးများကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ နေရာဒေသစုံမှ မှိုစိုက် တောင်သူများအနေဖြင့် မိမိတို့ လိုအပ်သည့် မှိုမျိုးများကို ဝယ်ယူပါက အဆင်ပြေသည့် ဈေးနှုန်းဖြင့် ရောင်းချဖြန့်ဖြူးပေးနေကြောင်း၊ မှိုစိုက်တောင်သူများအနေဖြင့်လည်း မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးကာ အထွက်နှုန်းတိုးပြီး အကျိုးအမြတ်များလည်း ရရှိနေကြကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)