မိုးစပါးစိုက်ပျိုးရေ ဖူလုံစေရန်အတွက် ရေသွင်းမြောင်းများ တူးဖော်ပေး

မင်းကင်း ၁၇ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့နယ်၏ အနောက်ဘက်ဒေသရှိ လယ်မြေများကို မိုးစပါးစိုက်ပျိုးရေဖူလုံစွာ ရေပေးဝေနိုင်ရန်အတွက် ရေသွင်းမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တူးဖော်မည့် ရေသွင်းမြောင်းများမှာ ဒေါ်မယ်မြောင်း၊ ငွေသွင်းချောင်းမြောင်း၊ ရွာရင်းမြောင်း၊ ဖြူဇူးတောင်မြောင်းနှင့် ကျောက်မြောင်းမြောင်းတို့ ဖြစ်ကြပြီး တူးဖော်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေ(သာမန်) ငွေစာရင်းခေါင်းစဉ်အောက်မှ ငွေကျပ် သန်း ၃၀ ဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ယင်းကဲ့သို့ ရေမြောင်းများ တူးဖော်ခြင်းအားဖြင့် မိုးစပါးလယ်မြေဧက (၈၂၀)ကို မိုးစပါးစိုက်ပျိုးရေ ဖူလုံစွာပေးဝေနိုင်မည့်အပြင် ၎င်းမြောင်းများမှ ပိုလျှံရေများအား ဒိုင်ကြီးရွာ၊ မင်းစားရွာ၊ အံ့စရာကျေးရွာများရှိ လယ်မြေများအတွက် အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ရေသွင်းမြောင်းများကို ကျောက်အိုးချောင်းမှ ရေသွင်းယူမည်ဖြစ်ကြောင်း လုပ်ငန်းကြီးကြပ် အင်ဂျင်နီယာ ဒေါ်နန်းအိဝင်းထံမှ သိရသည်။

 

အဆိုပါ ရေသွင်းမြောင်းအား မေပွင့်ဖြူကုမ္ပဏီက တာဝန်ယူတူးဖော်လျက်ရှိပြီး ယခုမိုးရာသီအမီ တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

ချင်းတွင်းသား