မိုးကောင်းမြို့နယ်၌ တုတ် ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူငယ်တစ်စုအား စစ်ဆေးရာမှ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း လုယူမှု ပေါ်ပေါက်

ကချင်ပြည်နယ် မိုးကောင်းမြို့ သုံးမိုင်လမ်းကွေ့၌ တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ကာ ခရီးသည် ယာဉ်များအား တားဆီးနေသည့် လူငယ်တစ်စုအား စစ်ဆေးရာမှ ဆိုင်ကယ်နှင့်လက်ကိုင်ဖုန်းများ လုယူမှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

 

မိုးကောင်းမြို့အထွက် မိုးကောင်း-ဖားကန့်လမ်း သုံးမိုင်ကွေ့တွင် ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက လူငယ် ၁၀ ဦး ခန့်မှ တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်၍ ခရီးသည်တင်ယာဉ်များအား ရပ်တန့်ရန်ရှာခြင်းများ ပြုလုပ်နေကြောင်း သတင်းအရ မြို့လုံခြုံရေး လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြတောင်ရပ်ကွက်နေ အောင်ထွန်းလင်း (ခ) ချစ်ချစ် (၁၆) နှစ်၊ စိုင်းနေနော် (ခ) သဲသဲ (၁၇) နှစ်၊ သက်မိုးထွန်း (ခ) နီတွတ် (၁၅) နှစ်တို့ သုံးဦးအား တွေ့ရပြီး ကျန်သူများမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

 

ထိုသို့ ၎င်းတို့အား စစ်ဆေးရာတွင် အောင်ထွန်းလင်း (ခ) ချစ်ချစ်၏ အင်္ကျီအိပ်ကပ် အတွင်းမှ ငွေကျပ် ၁၈၀၀၀၊ စိုင်းနေနော် (ခ) သဲသဲထံမှ ၁၅၀၀၀၀ ကျပ်တို့အား တွေ့ရသဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းငွေများမှာ ဒီဇင်ဘာ ၈ ရက်ညက မိုးကောင်းမြို့နယ် လမ်းခွကျေးရွာ အထက်တန်းကျောင်းအနီး လယ်ကွင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား တွေ့ရှိခဲ့ပြီး အမျိုးသားအား ထိုးကြိတ်ရိုက်နှက်ကာ Canda-125 မော်တော်ဆိုင်ကယ်တစ်စီး၊ XIAOMI အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယူရရှိခဲ့ရာမှ ရောင်းချရရှိသည့် ငွေများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

ထို့နောက် မိုးကောင်းမြို့မ ရဲစခန်းတွင် ခေတ္တထိန်းသိမ်းထားကာ နမ္မတီးနယ်မြေရဲစခန်းသို့ ဒီဇင်ဘာ ၁၁ ရက်က လွှဲပြောင်းခဲ့ပြီး အောင်ထွန်းလင်း (ခ) ချစ်ချစ်၊ စိုင်းနေနော် (ခ) သဲသဲ၊ သက်မိုးထွန်း (ခ) နီတွတ်တို့ သုံးဦးအား နမ္မတီးနယ်မြေရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)