မိုးကောင်း၌ ဘုန်းကြီးကျောင်း မီးလောင်ရာမှ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူ

မိုးကောင်း ၂၉ ဇူလိုင်

 

ကချင်ပြည်နယ် မိုးကောင်းမြို့၌ ယနေ့ညနေပိုင်းက ဘုန်းတော်ကြီးကျောင်းမီးလောင်ရာမှ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ညနေ ၄ နာရီခွဲက မိုးကောင်းမြို့၏ အရှေ့ဘက်တောင်ရိုးပေါ်ရှိ အလျားပေ ၁၀၀၊ အနံပေ ၂၀ ရှိ သွပ်မိုး၊ ပျဉ်ကာပျဉ်ခင်း ကျောင်းဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့ကာ သက်တော် ၈၆ နှစ်၊ ဝါတော် ၆၆ ဝါရှိ လေဖြတ်ရောဂါဝေဒနာ ခံစားနေရသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဇဋိလမှာ ပျံလွန်တော်မူခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်အား မြို့နယ်မီးသတ်ဦးစီးဌာနမှ စုံစမ်းစစ်ဆေးဆဲဖြစ်သည်။

 

မီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးစိုးနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ ရေသယ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်ငြှိမ်းသတ်ရာ ညနေ ၅ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မြို့မရဲစခန်းမှ မီးလောင်မှုဖြစ်စဉ်အား မှတ်တမ်းများရယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)