မိုးကောင်း၌ ဘုန်းကြီးကျောင်းမီးလောင်ရာမှ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူ

မိုးကောင်း  ၃၀  ဇူလိုင်

 

ကချင်ပြည်နယ် မိုးကောင်းမြို့၌ ယမန်နေ့ ညနေပိုင်းက ဘုန်းတော်ကြီးကျောင်း မီးလောင်ရာမှ ကျောင်းထိုင် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်  ညနေ ၄ နာရီခွဲက မိုးကောင်းမြို့၏ အရှေ့ဘက် လွယ်ပေါ်ဆော်တောင်ပေါ်ရှိ လွယ်ပေါ်ဆော်ဘုန်းကြီးကျောင်း အလျားပေ ၁၀၀၊ အနံပေ ၂၀ ရှိ သွပ်မိုး၊ ပျဉ်ကာပျဉ်ခင်း ကျောင်းဆောင်တစ်လုံး မီးလောင်ခဲ့ကာ သက်တော် ၈၆ နှစ်၊ ဝါတော် ၆၆ ဝါရှိ လေဖြတ်ရောဂါဝေဒနာ ခံစားနေရသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဇဋိလမှာ မီးလောင်မှုကြောင့် ပျံလွန်တော်မူခဲ့ပြီး မီးလောင်မှုဖြစ်စဉ်အား မြို့နယ်မီးသတ်ဦးစီးဌာနမှ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

 

မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး လှစိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ မီးသတ်ရေသယ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်ငြှိမ်းသတ်ရာ ညနေ ၅ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)