မိုးကောင်း၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုးကောင်း  ၂၆ ဇူလိုင်

 

ကချင်ပြည်နယ် မိုးကောင်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၇/၂၀၁၈ ခုနှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခွဲက အ.ထ.က(၁)ကျောင်းဝင်း မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်ရာ သတ္တမတန်းကျောင်းသား ကျောင်းသူကလေးများက တို့ကျောင်းတော်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခန်းအနားကို ဖွင့်လှစ်ကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းတို့က အဖွင့်အမှာစကား ပြောကြားသည်။

 

 

ဆက်လက်၍ မိုးကောင်းမြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွယ်က ပညာရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လှက ၂၀၁၇/၂၀၁၈ ပညာသင်နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ၂၀၁၈/၂၀၁၉ ပညာသင်နှစ်အတွက် ဆက်လက်ဆောင်ရွက်ရန်လျာထားသည့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ၂၀၁၇/၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၆ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၉ ဦးနှင့် KG တန်းမှ နဝမတန်းအထိ ၁၇၅ ဦးတို့အား တာဝန်ရှိသူများမှ အတန်းအလိုက် ထူးချွန်ဆုများချီးမြင့်ခဲ့ကြကြောင်း သိရသည်။

 

ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၆၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင် (ကချင်မြေ)