မိုးခေါင်ခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေ

 

သီဟစည်သူ

 

ကမ္ဘာပေါ်ရှိ နိုင်ငံ၊ ဒေသများ၌ တစ်ချိန်တည်းတွင် ဖြစ်ပေါ်နေသည့် မိုးခေါင်ရေရှားမှုသည် ကမ္ဘာ့စိုက်ပျိုးရေး စနစ်များအပေါ် မကြုံစဖူး ပြင်းထန်သည့် ထိခိုက်မှုများ ဖြစ်စေလျက်ရှိပြီး သန်းနှင့်ချီသော လူဦးရေ၏ သောက်သုံးရေနှင့် စားနပ်ရိက္ခာလုံခြုံမှုကို ခြိမ်းခြောက်စေလျက်ရှိသည်။

 

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ အချက်အလက်များအရ မိုးခေါင်ခြင်း (Drought)ကို ပြည်နယ်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) မြို့နယ်တစ်ခုခု အား မိုးခေါင်ခြင်းဖြစ်စဉ်ကို နှစ်ပေါင်း ၃၀ ပျမ်းမျှ မိုးရေချိန်ပမာဏထက် ၂၀ ရာခိုင်နှုန်း မိုးလျော့နည်းမှုသည် ခုနစ်ရက်ထက်ပိုပါက မိုးခေါင်ခြင်းဟု သတ်မှတ်ပြီးအဆိုပါ မိုးခေါင်ခြင်းကို သာမန်မိုးခေါင် ခြင်း(Minor Drought) ဟု သတ်မှတ်ကြောင်း၊ နှစ်ပေါင်း ၃၀ ပျမ်းမျှ မိုးရေချိန် ပမာဏထက် ၅၀ ရာခိုင်နှုန်းနှင့် အထက် လျော့နည်းမှု ၁၅ ရက်ထက် ပိုပါကအဓိက မိုးခေါင်ခြင်း (Major Drought) ဟု သတ်မှတ်ကြောင်း သိရသည်။

 

မိုးခေါင်မှုသည် ပတ်ဝန်းကျင်အပေါ် သိသာသော အကျိုးသက်ရောက်မှုရှိပြီး စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှု၊ သောက်သုံးရေ ရရှိရေး၊ ကျန်းမာရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။ မိုးခေါင်မှု နှင့်ဆက်စပ်၍ စိုက်ပျိုးရေး ထုတ်လုပ်မှု လျော့ကျခြင်း၊ အာဟာရပြတ်တောက်မှု ပြဿနာများ၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဆက်စပ်သော ရောဂါများဖြစ်ပွားခြင်း၊ စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်ပေါ်စေ ခြင်း၊ မိုးခေါင်မှုမှ လွတ်မြောက်ရန် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရခြင်း၊ မိုးခေါင်သည့် ဒေသအတွင်းရှိ ဇီဝမျိုးစုံ မျိုးစိတ်များ၏ နေရင်းဒေသများထိခိုက် ပျက်စီးခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်းနှင့် သဲမုန်တိုင်းများ တိုက်ခတ်ခြင်းနှင့်စားနပ် ရိက္ခာနှင့် ရေကြောင့် ဖြစ်ပွားသော ပဋိပက္ခစစ်ပွဲများအထိ ဖြစ်ပေါ်လာစေနိုင်ကြောင်း သိရသည်။

 

ကိုးဆခန့် တိုးလာနိုင်

 

သဘာဝရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ လေ့လာရေးအဖွဲ့၏ ရာသီဥတု၊ စိုက်ပျိုးရေးနှင့် လူဦးရေဆိုင်ရာ အချက် အလက်များကို လေ့လာမှုများအရ ရုပ်ကြွင်းလောင်စာဆီအပေါ် ဆက်လက် မှီခိုနေရမှု၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု များနှင့် ဆက်စပ်ဖြစ်ပေါ်လာမည့်မိုးခေါင် မှုဖြစ်နိုင်ခြေသည် ၂၁ ရာစု အလယ်ပိုင်းတွင် ၄၀ ရာခိုင်နှုန်းနှင့် ၂၁ ရာစုနှောင်းပိုင်း တွင် ၆၀ ရာခိုင်နှုန်းအထိ တိုးလာမည်ဖြစ်ကြောင်းသိရသည်။ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် ခြေလှမ်းများ မလုပ်ဆောင်ပါ က ပြင်းထန်သော မိုးခေါင် ရေရှားမှုဒဏ် ကို ထိခိုက်ခံစားရမည့် ပမာဏမှာ ယခုထက် ကိုးဆခန့် တိုးလာနိုင်သည်ဟု သုတေသီများက ဆိုသည်။

 

၂၁ ရာစုနှစ်အကုန်အထိ နှစ်စဉ် ကမ္ဘာတစ်ဝန်းရှိ လူဦးရေ သန်း ၁၂၀ ခန့်သည် ပြင်းထန်သော မိုးခေါင်ရေရှားမှု များ တစ်ပြိုင်နက်တည်း ကြုံတွေ့ရနိုင်ကြောင်း သဘာဝရာသီဥတုပြောင်းလဲမှုဆိုင်ရာ လေ့လာရေးအဖွဲ့ ဦးဆောင်သူ ဝါရှင်တန်တက္ကသိုလ်မှ ဘွဲ့လွန်ပါရဂူဟောင်း ဂျီတန်ဒရာဆင်းက ဆိုသည်။ ၎င်းတို့၏ လေ့လာမှုများအရ မိုးခေါင်မှု အန္တရာယ်မြင့်မားခြင်းသည် အယ်လ်နီ ညိုနှင့် လာနီညာဖြစ်စဉ်များ၏ အကြိမ်ရေ ၂၂ ရာခိုင်နှုန်း တိုးလာခြင်းနှင့်အတူ ပူနွေးလာသောရာသီဥတု၏ နောက်ဆက် တွဲ အကျိုးဆက်များကြောင့် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် - ၁၈၇၆ ခုနှစ်မှ ၁၈၇၈ ခုနှစ်အတွင်း အာရှဒေသ၊ ဘရာဇီးနှင့် အာဖရိကတို့တွင် တစ်ပြိုင် နက်တည်းဖြစ်ပွားခဲ့သော အယ်လ်နီညို မိုးခေါင်ရေရှားမှုများကြောင့် စိုက်ပျိုးရေး ထွက်ကုန်များ ပြတ်တောက်သွားခဲ့ပြီး နောက် အငတ်ဘေးဆိုက်ရောက်ကာ လူသန်းပေါင်း ၅၀ ကျော် သေဆုံးခဲ့ဖူးသည်။

 

သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များဖြစ်သည့် မိုးများခြင်း၊ ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းကြောင့် ပူပြင်းခြောက်သွေ့ ခြင်းများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများကို အဓိကထိခိုက်စေနိုင်ပြီး စားနပ်ရိက္ခာ ရှားပါးလာနိုင်သည့် အကြောင်းအရင်းများပင် ဖြစ်သည်။

 

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် စာရင်းများအရ အရှေ့တောင်အာရှဒေသရှိ လူဦးရေ ၆၆ ရာခိုင်နှုန်းခန့်သည် မိုးခေါင်ရေရှားဒဏ်ကို ခံစားနေရပြီး ဘေးသင့်လူဦးရေ စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်း ခန့်ရှိကြောင်း၊ မိုးခေါင်ရေရှားမှု ညွှန်းကိန်း တစ်ရာခိုင်နှုန်း တိုးလာတိုင်း အာဆီယံ(၁၀) နိုင်ငံ၏ ဂျီဒီပီ ၀ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အပူပိုင်းဇုန်(Dry Zone)သည် ၆၇၇၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး စုစုပေါင်း နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်နေသည်။ ယင်းအနက် စိုက်ပျိုးနိုင်သောမြေ၏ ၃၅ ရာခိုင်နှုန်းခန့်ရှိကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံ တွင် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် အယ်လ်နီညို ကျရောက်မှုကြောင့် အပူပြင်းဆုံးနှစ်များဖြစ်ခဲ့ပြီး အပူပိုင်းဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင်သာမက အခြားသော မြစ်ဝကျွန်းပေါ်ဒေသများတွင်ပါ ရေရှားပါးမှုပြဿနာများကို ရင်ဆိုင်ခဲ့ရသည်။

 

ယခုလက်ရှိတွင်လည်း ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် ယခုအခါ နိုင်ငံတော်တော်များများတွင် မိုးခေါင် ရေရှားမှုနှင့် ဆက်စပ်သည့် သောက်သုံးရေနှင့် စားနပ်ရိက္ခာပြတ် တောက်မှုများကို ရင်ဆိုင်နေရသည်။

 

အာဖရိကဦးချိုဒေသ နိုင်ငံများ

 

အာဖရိကဦးချိုဒေသ နိုင်ငံများဖြစ်သည့် ကင်ညာ၊ အီသီယိုပီးယားနှင့် ဆိုမာလီယာနိုင်ငံတို့အတွင်း ဆိုးရွားလှသည့် မိုးခေါင်ရေရှားမှု ပြဿနာများကြောင့် ကျွဲ၊ နွား တိရစ္ဆာန်အကောင်ရေ အနည်းဆုံး ခုနစ်သန်းခန့် သေဆုံးသွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ထားသည်။ လက်ရှိ၌ပင် အာဖရိကဦးချိုဒေသ သုံးနိုင်ငံအတွင်းရှိ ကလေးငယ် ၇ ဒသမ ၁ သန်းကျော် ပြင်းထန်သည့် အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရပြီး ယင်းအနက် နှစ်သန်းခန့်မှာ အဆိုးရွားဆုံး အခြေအနေသို့ပင် ဆိုက်ရောက်နေသည်။

 

ကင်ညာ၊ ဆိုမာလီယာနှင့် အီသီယို ပီးယားနိုင်ငံများ၌ နှစ်ပေါင်း ၄၀ အတွင်း မကြုံစဖူး မိုးခေါင်သည့် အခြေအနေ၏ အကျိုးဆက်ကြောင့် လူဦးရေ ၁၈ ဒသမ ၆ သန်းခန့်မှာလည်း စားနပ်ရိက္ခာ အကျပ်အတည်းနှင့် သောက်သုံးရေ မဖူလုံသည့် ပြဿနာများကို အဆိုးရွား ဆုံးခံစားနေရပြီး လာမည့်စက်တင်ဘာ လအတွင်း သန်း ၂၀ ကျော်လာဖွယ်ရှိကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများက ခန့်မှန်းထားသည်။ သောက်သုံးရေ အခြေအနေမှာလည်း ယုတ်စွအဆုံး ထမင်းချက်ရန်ပင် လုံလောက်မှု မရှိသည့် လူဦးရေ ၁၁ ဒသမ ၆ သန်းရှိပြီး အီသီ ယိုပီးယားတွင် ၄ ဒသမ ၄ သန်း၊ ဆိုမာ လီယာတွင် ၃ ဒသမ ၉ သန်းနှင့် ကင်ညာ နိုင်ငံတွင် ၃ ဒသမ ၃ သန်းခန့်ရှိကာ ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ယခုကဲ့သို့သော အခြေအနေကို ဆက်လက်ရင်ဆိုင်ရလိမ့် မည်ဟု ခန့်မှန်းထားသည်။

 

ဥရောပနိုင်ငံများ

 

ထို့အတူ ဥရောပနိုင်ငံများဖြစ်သည့် အီတလီ၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့သည် အစားအစာ ထုတ်လုပ်မှုနှင့် ခရီးသွား လုပ်ငန်းအတွက် ပြင်းထန်သော ဂယက်ရိုက်ခတ်မှုများနှင့်အတူ အနည်းဆုံး နှစ်ပေါင်း ၁၂၀၀ အတွင်း အခြောက်သွေ့ ဆုံး ရာသီဥတုကို ရင်ဆိုင်ခံစားနေကြရသည်။

 

စပိန်နိုင်ငံ အယ်ဘေးရီးယန်းကျွန်း ဆွယ်တွင် မကြာသေးမီနှစ်များအတွင်း အပူလှိုင်းနှင့် မိုးခေါင်မှုများ တိုးမြင့်လာခဲ့ ပြီး ယခုနှစ်မေလသည် စပိန်တွင် စံချိန် တင် အပူဆုံးဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ဒေသအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ သည့် တောမီးလောင်ကျွမ်းမှုသည် ရာသီဥတုဆိုင်ရာ အကျပ်အတည်းများကြောင့် ဖြစ်နိုင်ခြေ ၁၀ ဆ ပိုမိုလာခဲ့ပြီး ဒေသတွင်း အရှည်လျားဆုံးဖြစ်သော တန်ဂတ်မြစ်သည် လုံးဝခန်းခြောက်သွားနိုင်သည့် အန္တရာယ်ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက ဆိုသည်။

 

တစ်ချိန်တည်းတွင် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကြောင့် အစားအစာနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ထောက်ပံ့ရေးကွင်းဆက်များနှင့် ကမ္ဘာ့ကုန်သွယ်ရေးကို ထပ်မံပြတ် တောက်စေလျက်ရှိသည့်အပြင် ငွေကြေး ဈေးကွက်များ လှုပ်ခတ်မှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးနှင့် ထောက်ပံ့ရေး စီးဆင်းမှုများကို ခြိမ်းခြောက်လျက် ရှိသည်။

 

ထို့ကြောင့် ယနေ့ရင်ဆိုင်နေရသော ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများဖြစ်သည့် စားနပ်ရိက္ခာနှင့် သောက်သုံး ရေဖူလုံမှု၊ မိုးခေါင်ရေရှားမှု၊ ပူပြင်းခြောက်သွေ့မှုနှင့် အခြားသော ကြုံတွေ့လာရမည့် ရာသီဥတုဆိုင်ရာ အကျပ်အတည်းများသည် ဘေးအန္တရာယ်ဆိုင်ရာကြိုတင် စီမံခန့်ခွဲမှုနှင့် ဂေဟစနစ်ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို အဆောတလျင် ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။