မိုးခေါင်ရေရှား အပူပိုင်းဒေသများတွင် မြေအောက်တမံများကြောင့် စိမ်းလန်းလာတော့မည်

 

မိုးယံ

 

နာရီ၊ မိနစ်၊ စက္ကန့်တို့ဖြင့် ဖွဲ့စည်းထားသည့် အချိန်ကာလယန္တရားသည် တဖြည်းဖြည်း ရွေ့လျားနေသည်နှင့်အမျှ ဆောင်းကာလလွန်မြောက်၍ နွေကာလသို့ ဝင်ရောက်တော့မည်ဖြစ်သည်။ တစ်ရက်နှင့်တစ်ရက် အအေးဓာတ်က သိသိသာသာ လျော့ပါးကာ နွေရက်များနှင့် တူလာသည်။ နွေဦးလေရူးနှင့်အတူ ရွက်ဟောင်းများကြွေကြသည်။ နွေကာလတွင် ရွက်ဟောင်းကြွေကျ မြေခရသည်မှာ လောကသဘာဝဖြစ်သော်လည်း မြေဆီလွှာတွင် ရေဓာတ်ခန်းခြောက်သဖြင့် ရွက်သစ်မဝေနိုင်ဘဲ သွေ့ခြောက်သွားခဲ့ရသည့် သစ်ပင်တို့မှာအများအပြား။

 

အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသများ၌ နွေကာလများတွင် ရေလိုအပ်ချက်ကြောင့် သွေ့ခြောက်ခဲ့ရသည်။ ရာသီအလိုက် သီးနှံပင်များနှင့် သစ်ပင်သစ်တောများ မစိမ်းလန်းနိုင်သဖြင့် အပူချိန်များ ပိုမိုလာလေသလား။ မိုးရေချိန်နည်းသဖြင့် ဂေဟစနစ်များ ပျက်ယွင်းကာ ရေရှားပါးလာလေသလား တွေးတောစရာပင်ဖြစ်ကြောင်း ဒေသခံတို့က ဆိုကြသည်။

 

အပူပိုင်းရပ်ဝန်းဒေသတစ်ခု

 

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ ငါ့လင်းပုတ်ရွာသည် တစ်နှစ်ပတ်လုံး ပျမ်းမျှမိုးရေချိန် ၂၆ လက်မအောက်သာ ရွာသွန်းသည့် အပူပိုင်း မိုးနည်းရပ်ဝန်းဒေသ ဖြစ်သည်။ ကံကောင်းထောက်မစွာ ၂၀၁၁ ခုနှစ်တွင် မိုးရေချိန် ၄၀ ဒသမ ၃၄ လက်မ နှင့် ၂၀၂၁ ခုနှစ်တွင် မိုးရေချိန် ၄၄ ဒသမ ၀၆ လက်မ ထူးထူးခြားခြား ရွာသွန်းခဲ့သည်ကလွဲ၍ များသောအားဖြင့် မိုးရေချိန် နည်းသည့် အပူပိုင်းရပ်ဝန်းဒေသတစ်ခုဖြစ်သည်။

 

 ထိုဒေသများတွင် မိုးရေချိန်နည်းပြီး ပူပြင်းခြောက်သွေ့သဖြင့် ရွှေကိုမလို ရေကိုသာလိုသည်ဟု ဆိုရိုးစကားရှိခဲ့သလို ရေရှားပါးသောကြောင့် ဧရာဝတီမြစ်ရေကို လျှပ်စစ်ဖြင့် မြစ်ရေတင်ကာ ရေရရှိရေး ဆောင်ရွက်ကြရသည်။ သို့သော် ကျေးရွာများ များပြားသည့်အတွက် လုံလောက်အောင် မရရှိဘဲ ရေအတွက် စိတ်ပူပန်ကြောင့်ကြခဲ့ရသည်။

 

 သောက်သုံးရေကို မှီခိုအားထား

 

 မိုးကာလတွင် မိုးရေလှောင်ကန်များဖြင့် သောက်သုံးရေ သိုလှောင်ထားကြသော်လည်း ပူပြင်း ခြောက်သွေ့သော ဒေသဖြစ်သည့်အတွက် နွေရာသီမကုန်ခင်မှာပင် ပြတ်လပ်ခဲ့ရပြီး သောက်သုံးရေအတွက် အလှူရှင်များကိုသာ မှီခိုအားထားခဲ့ရသည်။

 

ရေရှားပါးတဲ့ပြဿနာကို အဖြေရှာခဲ့တယ်။ မြေပေါ်မှာတမံပိတ်ဆည်ဆောက်ပြီး ရေပေးဝေလို့ လည်းမရဘူး။ ရေရဖို့ စိမ့်စမ်းရေတူးလို့ ရနိုင်မလား။ မြေအောက်တမံရနိုင်မလား အမျိုးမျိုးစဉ်းစားပါတယ်။ ကျောက်ပန်းတောင်းနဲ့ ညောင်ဦးအကြား တုရွင်းတောင်မှာ ချောင်းသုံးခုရှိတယ်။ ဒီနေရာမှာ မြေအောက်တမံလုပ်ဖို့ ဖြစ်နိုင်မလားဆိုပြီး ကနဦးအနေနဲ့ ကွင်းဆင်းမှု တွေဆောင်ရွက်ပါတယ်ဟု မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မြေအောက်တမံများ တည်ဆောက်

 

ရေချိုရရှိရေးအတွက် မြေအောက်တမံ တည်ဆောက်ကာ မြေသားအတွင်း ရေသိုလှောင်နိုင်မည့် နည်းလမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပညာရှင်တို့က ဝိုင်းဝန်းအဖြေရှာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ်က မြေအောက်တမံများ တည်ဆောက်ရေးကို လမ်းညွှန်ခဲ့သည်။

 

ထိုသို့ လမ်းညွှန်မှုအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ တိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေ ခွင့်ပြုချက်တို့ဖြင့် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ချောင်းဝကျေးရွာနှင့် ငါ့လင်းပုတ်ကျေးရွာအနီး တုရွင်းတောင်၏ တောင်ဘက်ဆုံးတွင် ဖြတ်သန်းစီးဆင်းနေသည့် ရေဆင်းဧရိယာ ၁၆ စတုရန်းမိုင် ကျယ်ဝန်းသည့် ဝါခင်းကြီးချောင်းအား မြေအောက်တမံတည်ဆောက်ရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်ခဲ့သည်။

 

လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 

ဘူမိဗေဒ စူးစမ်းလေ့လာခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် မေ ၁၀ ရက်တွင် စတင်ခဲ့သည်။ မြေအောက်တမံ တည်ဆောက်ရာတွင် ရေလုံလွှာ အောက်ခံကျောက်သား (Bed Rock) ရရှိစေရန် ချောင်းကြမ်းပြင်အောက် အနက်ပေ ၄၀ အထိ သဲလွှာထုကို တူးထုတ်ခြင်း၊ အောက်ခံကျောက်သား ပြင် (Bed Rock) ညီညာမှုရှိစေရန် (Dental Treatment) ပြုလုပ်ခြင်း၊ တမံ၏ အောက်ခံအုတ်မြစ် (Foundation) ရရှိစေရန် အောက်ခံကွန်ကရစ်လောင်းခြင်းနှင့် လုပ်ငန်းများပြီးစီးပြီးနောက် ရေလုံမြေစေး (Selected Soil) ဖို့ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လကုန်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးခဲ့သည်။

 

 “မြေအောက်မှာလုပ်တဲ့ တမံဖြစ်လို့ မြေအောက်တမံလို့ခေါ်တာ ဖြစ်ပါတယ်။ အဓိက မြေအောက်ရေ ဖမ်းဖို့ပါ။ သဲချောင်းထဲမှာ အခုလို မြေအောက်တမံတည်ဆောက်မထားရင် မိုးရွာပြီး စီးဆင်းလာတဲ့ ရေတွေက မြေပြင်ကို ဖြတ်သန်းစီးဆင်းသွားမှာ ဖြစ်ပါတယ်။ ဒါကို ဖြတ်တားလိုက်ခြင်းဖြင့် သဲထုထဲမှာ ရေကရှိနေမယ်။ ဒီလိုမြေအောက်တမံမရှိခင်က လက်ယက်တွင်းတွေကနေ ရေခပ်ယူဖို့အတွက် အောက်ခြေခပ်နက်နက်ကိုတူးပြီး ရေစုရပါတယ်။ ဒါပေမယ့် အချိန်အတော်ကြာစုမှ ရေကနည်းနည်း ပဲရရှိပါတယ်။ ဒီလိုမြေအောက်တမံလုပ်လိုက်ခြင်းဖြင့် မြေအောက်မှာရှိတဲ့ ရေရဲ့အမြင့်ပေက တက်လာတယ်။ အရင်လိုအချိန်စောင့်ပြီး ခပ်စရာမလိုတော့ဘူး။ တစ်ဦးခပ်ပြီး အလွယ်တကူ ပြန်ပြည့်လာတယ် ဟု ၎င်းက ပြောသည်။

 

ရေကို ရာသီမရွေး လွယ်ကူစွာ ထုတ်ယူရရှိ

 

မြေအောက်တမံများ တည်ဆောက်ခြင်းဖြင့် မြေအောက်ရေမျက်နှာပြင်ကို မြင့်တက်လာစေပြီး ရေကို ရာသီမရွေး လွယ်ကူစွာ ထုတ်ယူရရှိသည့်အတွက် မြေအောက်တမံတည်ရှိရာ အနီးဝန်းကျင်မှ ရွာများ သည် လက်ယက်တွင်းများဖြင့် ရေရရှိမှု ဖူလုံစေမည် ဖြစ်သည်။

 

ဝါခင်းကြီးချောင်း မြေအောက်တမံကို တည်ဆောက်ပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ သောက်သုံး ရေကန်တွေရဲ့ မြေအောက်ရေမျက်နှာပြင် (Underground Water Table) မြင့်တက်လာပြီး သောက်သုံးရေ ရှားပါးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ Water Table သည် အချိန်ကြာလာတာနဲ့အမျှ ချောင်းကြမ်းပြင်နီးပါးအထိ တက်လာရင် သီးနှံတွေ စိုက်ပျိုးနိုင်မယ့်အပြင် ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ် ဟု ပြောသည်။

 

ယခင်က သောက်သုံးရေရရှိရန် ရေတွင်းအနက် ပေ ၃၀ လျှင် ရေနေတစ်ပေခွဲခန့်အား ရေခပ်သူ အမြောက်အမြား တန်းစီစောင့်ဆိုင်းခဲ့ရသော ငါ့လင်းပုတ်ကျေးရွာ အပါအဝင် ရေရှားပါးသည့် တောင်ဇင်း အုပ်စုကျေးရွာများဖြစ်သည့် ခွေးပြုတ်ကျေးရွာ၊ ပနီတွင်း၊ ကန်ကျဲ၊ ကောင်းပင်စည်၊ ထန်းရိုင်းတော၊ ကောင်းညို၊ ဖြူထွား၊ ထနောင်းစု၊ ဘုန်းတော်၊ ကွမ်းဖလား၊ ကုန်းရွာ၊ မကျည်းစောက်ကျေးရွာများ၊ ပြွန်အုပ်စုရှိ မရောင့်ရဲ ကျေးရွာနှင့် ကန်စောင့်ကျေးရွာ၊ စုတည်ကျေးရွာအုပ်စုရှိ အရှေ့ထနောင်းဝန်း၊ အနောက် ထနောင်းဝန်းကျေးရွာများသည် မြေအောက် တမံတည်ဆောက်ထားသည့် အထက်ဘက်ပေ ၄၅၀၀ အတွင်း တည်ရှိသဖြင့် လက်ယက်တွင်း လေးပေ-ငါးပေခန့် တူးရုံမျှဖြင့် ရေချိုရရှိခဲ့သည်။

 

ကျေးရွာအတွင်းရှိ ရေတွင်းများတွင်လည်း ယခင်က ရေငါးပေအနက်ခန့်သာ အများဆုံးရှိရာမှ ယခုအခါ ၁၈ ပေမှ ၂၅ ပေခန့်အထိ မြင့်တက်လာကာ အချိန်မရွေး ရေခပ်ယူရရှိနိုင်ပြီ ဖြစ်သည်။

 

ဒေသခံတွေရဲ့ဘဝကိုမြှင့်တင်

 

မိုးခေါင်ရေရှားရပ်ဝန်းမှာ ရေရရှိအောင် ဒီလိုတည်ဆောက်ပေးနိုင်ခဲ့တဲ့အတွက် သောက်သုံးရေ မပူပန်ရတော့ဘူး။ ဒါ့အပြင် နောင်ဆိုရင် သီးနှံတွေပါ စိုက်လို့ရသွားမှာ ဖြစ်ပါတယ်။ ရေရအောင် လုပ်ဆောင်ပေးတာက လက်တွေ့ဒေသခံတွေရဲ့ဘဝကို မြှင့်တင်ပေးတာပါပဲဟု ငါ့လင်းပုတ်ရွာမှ ဦးခင်မျိုးက ပြောသည်။

 

ဝါခင်းကြီး မြေအောက်တမံ တည်ဆောက်နိုင်ခဲ့သည့်အတွက် အကျိုးပြုကျေးရွာ ရှစ်ရွာ၊ အိမ်ထောင်စု ၉၆၀ နှင့် လူဦးရေ ၄၀၀၀ ခန့်၊ ကျွဲ နွားအကောင် ၈၀၀ ခန့် ရေဖူလုံစွာ သုံးစွဲနိုင်သည့်အပြင် စိုက်ပျိုးရေအတွက်ပါ ဖူလုံလာခဲ့သည်။

 

ဒီလို မြေအောက်တမံက အားသာချက်တွေအနေနဲ့ ရေချိုအလွယ်တကူ ရရှိနိုင်တယ်။ ပြုပြင်ထိန်းသိမ်းရတဲ့ စရိတ်မရှိဘူး။ မြေအောက်တမံဖြစ်တဲ့အတွက် လယ်ယာတွေ ပျက်စီးတာတွေ မရှိဘူး။ မြေယာပြဿနာတွေ မရှိနိုင်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ မရှိနိုင်ပါဘူးဟု ချောင်းဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတိုးက ပြောသည်။

 

မြေအောက်တမံများတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်

 

ထိုကဲ့သို့ အကျိုးကျေးဇူးများရှိနေခြင်းကြောင့် အိန္ဒိယ၊ ဂျပန်၊ ဘရာဇီး၊ အမေရိက နှင့် အာဖရိကနိုင်ငံများတွင် ၁၉၇၀ ပြည့်နှစ် ဝန်းကျင်ခန့်ကပင် သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မြေအောက်တမံများ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း ပညာရှင်များက ဆိုကြသည်။

 

မြန်မာနိုင်ငံတွင်လည်း မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် Pilot Project အနေဖြင့် စမ်းသပ်ဆောင်ရွက်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါးခင်းကြီး မြေအောက်တမံ၏ အောင်မြင်မှု အသီးအပွင့်များကြောင့် ညောင်ဦးမြို့နယ်၌ ရွှေလှိုင်း ကျေးရွာအနီး တောင်ဇင်းချောင်း၊ တောင်ပုံဝ ကျေးရွာအနီး ဘောလုံးကျွန်းချောင်းနှင့် ကျောက်ပန်းတောင်း မြို့နယ်တွင် စိတ္ထိန်းချောင်း မြေအောက်တမံ တို့ကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ထပ်မံတည်ဆောက် ပြီးစီးခဲ့သည်။

 

mdn

 

 သောက်သုံးရေ ဖူလုံစွာရရှိ

 

တောင်ဇင်းချောင်း၊ ဘောလုံးကျွန်းချောင်းနှင့် စိတ္ထိန်းချောင်း မြေအောက်တမံတို့ကို တည်ဆောက် နိုင်ခဲ့သည့်အတွက် အကျိုးပြုကျေးရွာ ၁၄ ရွာ၊ အိမ်ထောင်စု ၁၇၂၈ စုနှင့် လူဦးရေ ၆၆၅၀ ခန့်၊ ကျွဲနွားအကောင် ၁၆၃၀ ခန့်တို့သည် သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်တော့မည်ဖြစ်သည်။

 

မြေအောက်တမံများ တည်ဆောက်ခြင်းဖြင့် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစေပြီး စားဖိုချောင် သီးနှံများနှင့် ရာသီပေါ်သီးနှံပင်များပါ စိုက်ပျိုးနိုင်လာတော့မည်ဖြစ်သည်။ ယခင်က မိုးခေါင်ရေရှားပြီး ခြောက်သွေ့ခဲ့သည့် ပတ်ဝန်းကျင်တွင် အရိပ်ရပင်များ၊ နှစ်ရှည်သီးနှံပင်များဖြင့် စိမ်းလန်း စိုပြည်လာတော့မည် ဖြစ်သည်။

 

ထို့ပြင် စိုက်ပျိုးထုတ်လုပ်နိုင်သည့်အတွက် ဒေသဝမ်းစာဖူလုံရေးမှသည် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့လည်း ဦးတည်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။