မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင် 

ဇင်လတ် (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန) 

ယနေ့ကမ္ဘာတွင် နည်းပညာမြင့်မားလာမှု၊ လူနေမှုအဆင့်အတန်းနှင့် နေထိုင်မှုပုံစံများ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ ပလတ်စတစ်သည် လူသားတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ် အခြေခံလိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ပလတ်စတစ်ထုတ်ကုန်များကို ပိုမိုထုတ်လုပ်သုံးစွဲလာကြသည့်အတွက် ပလတ်စတစ်ညစ်ညမ်းမှုသည် အရေးတကြီးဖြေရှင်း ဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခု ဖြစ်လာပါသည်။ 

မိုက်ခရိုပလတ်စတစ်

မိုက်ခရိုပလတ်စတစ်ဆိုသည်မှာ ပလတ်စတစ် ပစ္စည်းတစ်ခု ပြိုကွဲသွားပြီးနောက် ဖြစ်ပေါ်လာသည့် ပလတ်စတစ်အမှုန်အမွှား အပိုင်းအစများဖြစ်သည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ နေ့စဉ်အသုံးပြုနေသော ပလတ်စတစ်ပစ္စည်းများသည် လူတို့၏လုပ်ဆောင် ချက်ကြောင့်ဖြစ်စေ၊ စက်မှုလုပ်ငန်းများကြောင့်ဖြစ်စေ၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေ တစ်ခုခုကြောင့်ဖြစ်စေ၊ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု (UV mechanism) ကြောင့်ဖြစ်စေ သေးငယ်သော မိုက်ခရိုပလတ်စတစ် (Microplastics) အစိတ်အပိုင်းများအဖြစ် ပြိုကွဲပြောင်းလဲသွားနိုင်သည်။ 

ပတ်ဝန်းကျင်သို့ မိုက်ခရိုပလတ်စတစ်များ ရောက်ရှိလာရန် တွန်းအားပေးသည့်အခြေအနေများ

မိုက်ခရိုပလတ်စတစ်များသည် ဇီဝဓာတုဆိုင်ရာ အခြေအနေများ၊ ရုပ်ပိုင်းဆိုင်ရာ တွန်းအားပေးမှု အခြေအနေများ၊ ပတ်ဝန်းကျင်နှင့် လူတို့၏ လုပ်ဆောင်ချက်များ၊ ရာသီဥတုဆိုင်ရာအခြေအနေများ၊ လေတိုက်ခတ်မှုအခြေအနေများ၊ ရေတိုက်စား စီးဆင်းမှုအခြေအနေများ စသည်ဖြင့် အခြေအနေ အကြောင်းအမျိုးမျိုးဖြင့် ပတ်ဝန်းကျင်သို့ ရောက်ရှိလာနိုင်သည်။ လက်ရှိအချိန်တွင် မိုက်ခရို ပလတ်စတစ်များကို ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ မြေထု၊ ရေထု၊ လေထုနေရာအနှံ့အပြားတွင် တွေ့ရှိနေရပြီ ဖြစ်သည်။ 

မိုက်ခရိုပလတ်စတစ်များကို ဆန်းစစ်ခြင်း

မိုက်ခရိုပလတ်စတစ်များကို ဆန်းစစ်ရာတွင် အခြေခံအားဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုပစ္စည်း ပါဝင်မှုအပေါ် အခြေခံပြီး ခွဲခြားဆန်းစစ်နိုင်သည်။ ရုပ်ပိုင်းဆိုင်ရာအနေဖြင့် အရွယ်အစား၊ ပုံသဏ္ဌာန်၊ အရောင်အသွေး စသည့်အချက်များအပေါ် အခြေခံပြီး ခွဲခြားနိုင်သည်။ မိုက်ခရိုပလတ်စတစ်ကို အရွယ်အစားအားဖြင့် တစ်မိုက်ခရိုမီတာ (ပျမ်းမျှအားဖြင့် လူ့ဆံပင်၏ အဆ ၇၀ ပုံ ၁ ပုံ) မှ ၅ မီလီမီတာအတွင်း သတ်မှတ်ပြီး ပုံသဏ္ဌာန်နှင့် အရောင်အသွေးအနေဖြင့် ထွက်ရှိရာ အရင်းအမြစ်အပေါ် မူတည်၍ အမျိုး မျိုးရှိနိုင်သည်။ ထို့ပြင်  မိုက်ခရိုပလတ်စတစ်တွင် ပါဝင်သော ဓာတုပစ္စည်းပါဝင်မှုအပေါ် အခြေခံ၍ ပိုလီမာအမျိုးအစားနှင့် မိုက်ခရိုပလတ်စတစ် အမျိုးအစားကို ခွဲခြားနိုင်ပြီး ထွက်ရှိရာအရင်းအမြစ်ကို ခန့်မှန်းသုံးသပ်နိုင်သည်။ 

မူလမိုက်ခရိုပလတ်စတစ်နှင့် ဆင့်ပွားမိုက်ခရိုပလတ်စတစ်

မိုက်ခရိုပလတ်စတစ်ကို မူလမိုက်ခရိုပလတ်စတစ်နှင့် ဆင့်ပွားမိုက်ခရိုပလတ်စတစ်ဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။ မူလမိုက် ခရိုပလတ်စတစ်များသည် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ထားသော မိုက်ခရို ပလတ်စတစ်အမျိုးအစားများဖြစ်၍ အခြေခံအားဖြင့် Microbeads, Pellets, Fibers စသည်ဖြင့် ထုတ်လုပ်ပြီး အလှကုန်ပစ္စည်းများ၊ သွားတိုက်ဆေး၊ မျက်နှာ သစ်ဆပ်ပြာစသည့် လူသုံးပစ္စည်းများ၊ သန့်ရှင်းရေး သုံးပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံး ပစ္စည်းများ၊ အဝတ်အထည်နှင့်ချည်ထည်လုပ်ငန်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ 

ဆင့်ပွားမိုက်ခရိုပလတ်စတစ်များသည် ပလတ်စတစ်ပစ္စည်းများ ပြိုကွဲသွားပြီးနောက် ဖြစ်ပေါ်လာသည့် ပလတ်စတစ် အမှုန်အမွှား အပိုင်းအစများဖြစ်ပြီး အခြေခံအားဖြင့် လူသုံးကုန်ပစ္စည်းများ၊ ရေဘူးများ၊ ပလတ်စတစ်အိတ်များ၊ ကားတာယာများ၊ ထိုင်ခုံကူရှင်များ၊ အဝတ်အထည်တွင် ပါဝင်သော ပလတ်စတစ်များ ပြိုကွဲရာမှဖြစ်ပေါ်လာသော မိုက်ခရိုပလတ်စတစ် အမျိုးအစားများဖြစ်သည်။ 

အခန်းတွင်းရှိ မိုက်ခရိုပလတ်စတစ်နှင့် ပြင်ပလေထုအတွင်းရှိ မိုက်ခရိုပလတ်စတစ်

လေထုအတွင်းရှိ မိုက်ခရိုပလတ်စတစ်များကို အခန်းတွင်းရှိ မိုက်ခရိုပလတ်စတစ်နှင့် ပြင်ပလေထု အတွင်းရှိ မိုက်ခရိုပလတ်စတစ်ဟူ၍ နှစ်မျိုးခွဲခြား နိုင်သည်။ အခန်းတွင်းရှိ မိုက်ခရိုပလတ်စတစ်များသည် လူနေအိမ်များရှိ အသုံးအဆောင်ပစ္စည်းများ၊ ဖုန်မှုန့်အမှုန်အမွှားများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ ခန်းဆီးများနှင့် ကော်ဇောများ၊ အဝတ်လျှော် လုပ်ငန်းဆောင်ရွက်ချက်များ စသည်တို့မှ ထွက်ရှိနိုင်သကဲ့သို့ ပြင်ပလေထုမှလည်း ဝင်ရောက်လာနိုင်သည်။ ပြင်ပလေထုအတွင်းရှိ မိုက်ခရိုပလတ်စတစ် များသည် လဟာပြင် မီးရှို့ခြင်းများ၊ မော်တော်ကား တာယာပွတ်တိုက်မှုများ၊ ရေသန့်ဘူးများ၊ ပလတ်စတစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရေဆိုးသန့်စင်မှုလုပ်ငန်းစဉ်များ၊  စိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် အမှိုက်စုပုံ စွန့်ပစ်သည့်လုပ်ငန်းများမှ ထွက်ရှိနိုင်သည်။

မိုက်ခရိုပလတ်စတစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ

မိုက်ခရိုပလတ်စတစ်များသည် အလွန်သေးငယ်သည့်အတွက် ရှူရှိုက်မိခြင်း၊ အသက်ရှူခြင်း၊ ခန္ဓာကိုယ်နှင့်ထိတွေ့မိခြင်း၊ မိုက်ခရိုပလတ်စတစ် ပါဝင်သော အစားအစာများစားသုံးမိခြင်း စသည်အားဖြင့် သက်ရှိများ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိစေနိုင်ပြီး ကျန်းမာရေးဆိုင်ရာပြဿနာများ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများ၊ အာရုံကြောရောဂါဆိုင်ရာ ပြဿနာများ၊ မျိုးပွားမှုဆိုင်ရာ ပြဿနာများ၊ မြေထု၊ ရေထု၊  လေထုညစ်ညမ်းမှု ဆိုင်ရာပြဿနာများ၊  အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာပြဿနာများ၊  ရေနေသတ္တဝါများနှင့် ဂေဟစနစ်အပေါ် ထိခိုက်မှုများ အပါအဝင် အစာကွင်းဆက်များမှတစ်ဆင့်  လူသားတို့၏ ကျန်းမာရေးကိုထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ AITတွင် လေ့လာတွေ့ရှိချက်

မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ Asian Institute of Technology (AIT) တွင် ပတ်ဝန်းကျင်ဆိုင်ရာ မဟာအင်ဂျင်နီယာ ဘွဲ့ယူစာတမ်းဖြစ်သော Wet and Dry Deposition of Microplastics in Thailand, Asian Institute of Technology Campus အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း လေ့လာတွေ့ရှိချက်အရ မိုးရေအတွင်း တစ်စတုရန်းမီတာ  ပတ်လည်ဧရိယာတွင်  တစ်ပတ်လျှင်ပျမ်းမျှ ၁၉၉၄ ခု၊ ပြင်ပလေထုအတွင်း တစ်စတုရန်းမီတာ ပတ်လည်ဧရိယာတွင် တစ်ပတ်လျှင် ပျမ်းမျှ ၁၃၉၂ ခု၊ အခန်းတွင်း လေထုအတွင်း တစ်စတုရန်းမီတာပတ်လည်ဧရိယာတွင် တစ်ပတ်လျှင် ပျမ်းမျှ ၂၆၁၉ ခု တွေ့ရှိခဲ့ရပါသည်။ 

မိုက်ခရိုပလတ်စတစ်ထွက်ရှိရာ အရင်းအမြစ်များကို သုံးသပ်ခြင်း

လေ့လာဆန်းစစ်ချက်တွင် ရုပ်ပိုင်းဆိုင်ရာတွေ့ ရှိချက်အရ ဖိုင်ဘာပုံသဏ္ဌာန်နှင့် အဖြူရောင်ရှိသော မိုက်ခရိုပလတ်စတစ်များကို ရာခိုင်နှုန်းအများဆုံးတွေ့ရှိရပြီး ပိုလီမာအမျိုးအစားအနေဖြင့် ပိုလီပရိုပိုင်လင်းကို အများဆုံးတွေ့ရှိရသည်။ မိုက်ခရို ပလတ်စတစ်ထွက်ရှိရာ အရင်းအမြစ်ကို ခန့်မှန်းသုံးသပ်ရာတွင် ဖိုင်ဘာပုံသဏ္ဌာန်ရှိသော မိုက်ခရိုပလတ်စတစ်များမှာ ယေဘုယျအားဖြင့် အဝတ်အထည်နှင့်ချည်ထည်များ၊ အဝတ်လျှော် လုပ်ငန်းစဉ်များမှ အများဆုံးထွက်ရှိနိုင်ကြောင်း ခန့်မှန်း သုံးသပ်နိုင်ပါသည်။ 

အဖြူရောင်ရှိသော မိုက်ခရိုပလတ်စတစ်များမှာ ယေဘုယျအားဖြင့် ပိုလီအီသိုင်လင်းဟု ခန့်မှန်းသတ်မှတ်နိုင်ပြီး ပလတ်စတစ်အိတ်များ၊ ပလတ်စတစ် ဖလင်ပြားများ၊ ပလတ်စတစ်ဘူးများ ပြိုကွဲပျက်စီးရာမှ ဖြစ်ပေါ်လာကြောင်း ခန့်မှန်းသုံးသပ် နိုင်သည်။ ပိုလီပရိုပိုင်လင်းအနေဖြင့် လူသုံးပစ္စည်းများ၊ အစားအသောက်ထည့်သည့် ဘူးခွံများ၊ ပလတ် စတစ်ဖလင်ပြားများ၊ ပလတ်စတစ်ဘူးများ ပြိုကွဲပျက်စီးရာမှ ဖြစ်ပေါ်လာကြောင်း ခန့်မှန်းသုံးသပ်နိုင်သည်။

မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုကို ဘယ်လိုထိန်းချုပ်ကြမလဲ

လက်ရှိကာလတွင် မိုက်ခရိုပလတ်စတစ်များသည် ရေထု၊ မြေထု၊ လေထုနှင့်  သက်ရှိများ၏ အစိတ်အပိုင်းများတွင် တွေ့ရှိနေရပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာပြဿနာများ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေလျက်ရှိသည်။ မိုက်ခရို ပလတ်စတစ်ညစ်ညမ်းမှု၏  အရင်းအမြစ်သည် လူတို့ဖန်တီးအသုံးပြုနေသည့် ပလတ်စတစ်ပစ္စည်းများ ပြိုကွဲပျက်စီးရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အလွန်သေးငယ်သည့်အလျောက် ပတ်ဝန်းကျင်သို့ မိုက်ခရိုပလတ်စတစ်များ ရောက်ရှိလာပါက ဖယ်ရှားရှင်းလင်းရန် မလွယ်ကူသည့်အတွက် မိုက်ခရိုပလတ် စတစ်ထွက်ရှိသည့် မူလအရင်းအမြစ်ဖြစ်ရာ ပလတ်စတစ်ထုတ်လုပ်၊ သုံးစွဲ၊ စွန့်ပစ်မှုများနှင့် ပတ်သက်၍ စနစ်တကျထိန်းချုပ်ရန် လိုအပ်လျက်ရှိသည်။ 

ပြည်သူလူထုနှင့် ပုဂ္ဂလိကဏ္ဍသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်သဖြင့်  ပလတ်စတစ် ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်သည့်အချိန်မှ စွန့်ပစ်သည့်အချိန်အထိ ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိစေသော နည်းလမ်းများဖြင့် စီမံဆောင်ရွက်ခြင်း၊ ပြည်သူလူထုအနေဖြင့်လည်း  ပလတ်စတစ် ထုတ်ကုန်များကို   အသုံးပြုရန်ငြင်းဆန်ခြင်း၊ လျှော့သုံးခြင်း၊ ပြန်လည်အသုံးပြုခြင်း၊  စွန့်ပစ် ပစ္စည်းများကို သတ်မှတ်ထားသည့် နေရာတွင် စနစ်တကျစွန့်ပစ်ခြင်း၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း၊ ပြန်လည်ပြုပြင်ထုတ်လုပ် အသုံးပြုမည့်နေရာများသို့ ပြန်လည်ပို့ဆောင်ခြင်းတို့ကို အလေးထား ဆောင်ရွက်ခြင်းဖြင့်မိုက်ခရိုပလတ်စတစ် ထွက်ရှိမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး  ကျွန်ုပ်တို့နေထိုင်ရာ ပတ်ဝန်းကျင်ကို သာယာလှပစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက်  ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်သည်။  ။