မိုးကုတ်နှစ် (၈ဝဝ)ပြည့် ပွဲတော်တွင် တိုင်းရင်းသားရိုးရာအက (၈)ဖွဲ့ ပါဝင်ဖျော်ဖြေမည်

မိုးကုတ် ၁၀ ဖေဖော်ဝါရီ

 

မိုးကုတ်မြို့မှုံကွင်း၌ မတ် ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ပထမဆုံးအကြိမ် ကျင်းပမည့် မိုးကုတ်နှစ် (၈ဝဝ) ပြည့်ပွဲတော်တွင် တိုင်းရင်းသားရိုးရာအက (၈)ဖွဲ့ခန့် ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း အဆိုပါ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ပြန်ကြားရေးမှူး ဦးမင်းသူရထံမှ သိရသည်။

 

''ကျွန်တော်တို့က အခုကျင်းပမယ့်နှစ် (၈ဝဝ)ပြည့် ပွဲတော်အတွက် တိုင်းရင်းသားရိုးရာအက (၈)ဖွဲ့လျာထားပါတယ်။ နောက်ထပ်အငြိမ့်အဖွဲ့လည်း ပါဝင်ဖျော်ဖြေဦးမှာပါ။ ဖျော်ဖြေမယ့် တိုင်းရင်း သားတွေကတော့ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ မြန်မာ၊ ပလောင်၊ ကိုးကန့်၊ ကယား၊ ချင်း၊ ရခိုင် ဒီတိုင်းရင်းသားတွေက ဖျော်ဖြေပေးမှာပါ''ဟု ပြန်ကြားရေးမှူး ဦးမင်းသူရက ပြောသည်။

 

''အခုနှစ် (၈ဝဝ) ပြည့်ပွဲတော် ကျင်းပတာ ဒါပထမဆုံး အကြိမ်ပါ။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာဖို့နဲ့ မြို့ဂုဏ်ကိုမြှင့်တင်တဲ့ သဘောရယ်။ နောက်ပြီးတော့ ဒေသခံတွေရဲ့ အလုပ်ကိုင်အခွင့်လမ်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီးတော့ ကျင်းပရခြင်းဖြစ်ပါတယ်။ ပွဲတော်က ကွင်းတစ်ကွင်းလုံး ဘယ်သူမဆို အခမဲ့ပါ။ စိတ်ဝင်စားတဲ့သူတွေ ကံစမ်းလို့ရအောင် ကံစမ်းမဲ ကူပွန်ရောင်းချပေးတဲ့ အစီအစဉ် ပါဝင်ပါတယ်။ ဒီပွဲတော်က ရရှိတဲ့ ရန်ပုံငွေကိုတော့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိက သုံးစွဲသွားမှာပါ'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

မိုးကုတ် နှစ် (၈ဝဝ) ပြည့် ပွဲတော်အကြို အနေဖြင့် အားကစားပွဲများနှင့် စာပေပြိုင်ပွဲများကို ကျင်းပ ပေးလျက်ရှိပြီး ပွဲတော်ရက်အတွင်း မတ် ၃ဝ ရက်တွင် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ကံစမ်းမဲဖွင့်လှစ်ခြင်း၊ နိုင်ငံကျော် အနုပညာရှင်များမှ မိုးကုတ်နှစ် (၈ဝဝ)ပြည့် Main Theme Songသီချင်းသီဆိုခြင်း၊ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်ခြင်း၊ အငြိမ့်အကများဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသား အကများဖြင့် ဖျော်ဖြေခြင်းနှင့် မိုးကုတ်မြို့ခံ လူငယ်ဂီတ အဖွဲ့များမှ ဖျော်ဖြေခြင်းစသည့် ဖျော်ဖြေမှုများ ပါဝင်ကြောင်း သိရသည်။

 

မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်နှင့် မိုးလှိုင်ကို အစိုးရသော စော်ဘွားကြီးသိုဟန်ဖတ် လက်ထက်တွင် သဖန်းပင်ရွာ စတည်ကာ ရှမ်းမုဆိုးသုံးဦးမှ နီမြန်းသော ပတ္တမြားကို စတင်တွေ့ရှိခဲ့ပြီး မိုးကုတ်ဟူ၍ ဖြစ်တည်ခဲ့ကာ ယခုမြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်သည် မိုးကုတ်မြို့တည်နှစ် (၈ဝဝ) ပြည့်ခြင်းပင်ဖြစ်ကြောင်း မိုးကုတ်မြို့နယ် ဒေသဆိုင်ရာအချက်အလက် မှတ်တမ်းများအရ သိရသည်။

 

မိုးကုတ်မြို့သည် ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၃၈ဝဝ တွင် တည်ရှိပြီး ပေ ၅ဝဝဝ ကျော် အမြင့် ရှိသည့်တောင်တန်းမျာ ဝန်းရံထားကာ မန္တလေးမြို့၏မြောက်ဘက် ၁၂၈ မိုင် အကွာအဝေးရှိရာ ရှေးအခါက မိုးကုတ်ကို ရှမ်းဘာသာစကားဖြင့် မိန်းကွက်၊ မိန်းကု(ပ)၊ မိန်းကတ်ဟူ၍ အမျိုးမျိုး ခေါ်ဆိုခဲ့ကြပြီး ကမ္ဘာကျော်ပတ္တမြား၊ နီလာကျောက်မျက်ရတနာ မျိုးစုံထွက်ရှိရာ ဒေသဖြစ်၍ Ruby Land အဖြစ် ကမ္ဘာက အသိအမှတ်ပြု ခဲ့ရသည်။

 

နဒီလှိုင်း