မိုးလေပက်ဖျန်း တန်ခူးလအေးချမ်း

၁၁ ဧပြီ

တန်ခူးလသည် နွေလဖြစ်သည်။ သင်္ကြန်ကျသောလ ဖြစ်သည်။ တန်ခူးလ၌ ရွာသောမိုးသည် အထူးအဆန်းမဟုတ်၊ ပုံမှန်သင်္ကြန်မိုး၊ ဖက်ဆွတ်မိုးသာ ဖြစ်သည်။ တန်ခူးလသည် နွေလဖြစ်သဖြင့် အလွန်ပူပြင်းလှသည်။ ဥတုရာသီ ပုံမှန်ဖြစ်သော ရှေးရှေးကာလက သင်္ကြန်မိုး၊ ဖက်ဆွတ်မိုးသာ ဆိုနိုင်သော်လည်း ဥတုရာသီ ဖောက်ပြန်သော ယခုလိုကာလ၌ ပုံမှန်မဟုတ်သည့် မိုးလေကိုလည်း သတိပြုရမည်ဖြစ်သည်။

ဤတန်ခူးလအခါတွင် ပူပြင်းသော အသူရိန်နေမင်း၏ ပြင်းပြသောအပူဒဏ် သက်ဆင်းမှုကြောင့် လူသတ္တဝါနှင့် သစ်ပင်ပန်းမန်များ ညှိုးနွမ်းကြသည်။ သစ်ပင်ပန်းမန်တို့ ရင့်ရော်ခြောက်သွေ့ ကြွေလွင့်ကြရသည်။ လူသတ္တဝါတို့အနေဖြင့် အပူဒဏ်ကို ပြင်းစွာခံစားကြရသည်သာမက ရာသီဥတုဖောက်ပြန်မှုကြောင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကိုလည်း သတိမူရသည်။ လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့၌ ထစ်ချုန်းမိုးရွာသွန်းမည်ဟု အသိပေးထားသည်။ မြန်မာပြည်အထက်ပိုင်း အချို့ဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်မှုနှင့် ကြုံနေရသည်။

မည်သို့ပင်ဖြစ်စေ တန်ခူးလမိုးသည် ပူပြင်းသောရာသီဥတု၏ဒဏ်ကို အတိုင်းအတာတစ်ခုမျှ လျော့ပါးသက်သာစေလျှင်မူ အကျိုးများသည်ဟုဆိုနိုင်သည်။ တန်ခူးလ၏ ပုံမှန်သဘာဝအရလည်း တန်ခူးမိုးဖြင့်ကောင်းခြင်းကို ဆောင်ပေးသည့် သဘာဝရှိသည်။ ရိုးရိုးမိုးအသွင်မျိုးထက်အထူးအဆန်း မိုးထူးဆန်းဖြစ်သည်။ တန်ခူးလတွင် ရွာသောမိုးသည် သည်းသည်းထန်ထန် ရွာသွန်းသောမိုးမဟုတ်၊ ဖက်ရွက်များ စွတ်စိုရုံလောက်သာ ရွာသွန်းသောမိုးဖြစ်သည်။

ရော်ရင့်ရွက်ဝါတို့သည် ဤတန်ခူးလတွင် နွေအပူ၏ နင်းခြေမှုကြောင့်ပင်ထက်မှ မြေသို့လျှောသက် ကြွေကျရသည်။ ရွက်ခြောက်တို့သည် အမှိုက်အဖြစ် စုပုံပျံ့နှံ့ကြသည်။ တပေါင်း၊ တန်ခူးလေရူး၏ တိုက်ခိုက်မှုကြောင့် ဝန်းကျင်တစ်ခွင်မှ အမှိုက်သရိုက်တို့ကို သင်္ကြန်မိုးက ဆေးကြောသန့်စင်ပေးသည်။ သင်္ကြန်မိုးကြောင့် တန်ခူးလ၌ ကြွေကျသက်ဆင်းသော ရွက်ဟောင်းတို့နေရာတွင် ရွက်သစ်တို့ ဖူးငုံပွင့်စီလာကြသည်။ တန်ခူးလ၌ ဖက်ဆွတ်ပန်းတို့သာမက ပိတောက်ပန်း၊ ကံ့ကော်ပန်း၊ ရင်ခတ်ပန်းတို့လည်း ဖူးပွင့်ကြသည်။

ထို့ကြောင့် တန်ခူးလသည် အပူရှိန်ပြင်းလွန်းသဖြင့် လူတို့အနေဖြင့်ညစ်ညူးခြင်းကို ဖြစ်ကြသော်လည်း သင်္ကြန်မိုး၊ ဖက်ဆွတ်မိုးကြောင့် လောကတစ်ခွင်တွင် လန်းဆန်းသစ်လွင်ဝေဆာလာပြန်ရာ စိတ်ကြည်နူးမှုကို ဖြစ်စေပြန်သည်။ နောက်တစ်မျိုးတွင် တန်ခူးလသည် မြန်မာသက္ကရာဇ်အားဖြင့် နှစ်တစ်နှစ်မှ နှစ်တစ်နှစ်သို့ ကူးပြောင်းမည့်လဖြစ်သည်။ နှစ်ဟောင်းမှ ကိုယ်စိတ်နှလုံး စွန်းထင်းပေကျံမှုများကို နှစ်သစ်တွင် ဆေးကြောသန့်စင်ရမည့် ကာလဖြစ်သည်။

တန်ခူးလတွင် ကြွေကျသက်ဆင်းသော အမှိုက်ခြောက်တို့သည် ဒုစရိုက်အမှုများနှင့်တူပြီး လူတို့၏ နှစ်ဟောင်းမှ ပြုလုပ်ခဲ့ကြသော မကောင်းမှုများသည်လည်း အမှိုက်ခြောက်များကဲ့သို့ ဒုစရိုက်အမှုများပင်ဖြစ်သည်။ ယင်းဒုစရိုက် အမှိုက်များကို သင်္ကြန်မိုး၊ သင်္ကြန်ရေဖြင့် ပက်ဖျန်းဆေးကြောခြင်းဖြင့် ကမ္ဘာမြေတစ်ပြင်လုံး သန့်ရှင်းသွားသကဲ့သို့ အချိန်အခါသင့်သော တန်ခူးလသင်္ကြန်ကာလတွင် လူတို့အနေဖြင့် သင်္ကြန်မိုး၊ သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ကြရမည် ဖြစ်သည်။ မိမိတို့၏ ကိုယ်စိတ်နှစ်ပါးသန့်စင်ပြီး လောကတစ်ခွင်လုံး ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံအောင်၊ အမိမြန်မာနိုင်ငံတော်ကြီး တိုးတက်စည်ပင်ဖွံ့ဖြိုးသာယာအောင် ဆောင်ကြဉ်းပေးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဤတန်ခူးလအခါသမယသည် ကောင်းခြင်းမင်္ဂလာတို့ကို ဆောင်ကြဉ်းမည့်လဖြစ်၍ တန်ခူးလတွင် ရွာသွန်းသောမိုး၊ တန်ခူးလတွင်ပက်ဖျန်းမည့်ရေဖြင့် မိမိတို့၏ မကောင်းမှုအညစ်အကြေးများ၊ လောကတစ်ခွင်မှ အမှိုက်အညစ်အကြေးများကို ဆေးကြောသန့်စင်ကာ ကောင်းကျိုးဝေဆာအောင် ဆောက်တည်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ