မိုးနဲမြို့ အုန်းသျှစ်ကုန်းကျေးရွာ၌လားဟူတိုင်းရင်းသားများနှစ်သစ်ကူးပွဲ ပျော်ရွှင်စွာ ကျင်းပ

မိုးနဲ ၂၇ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု အုန်းသျှစ်ကုန်းကျေးရွာ၌ ဇန်နဝါရီ ၂၂ ရက် နံနက် ၁ဝ နာရီက လားဟူနှစ်သစ်ကူးပွဲတော်ကို လားဟူတိုင်းရင်းသားလူမျိုးစု၏ ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရှေးရိုးရာမပျက် လားဟူတိုင်းရင်းသားလူမျိုးစု ညီအစ်ကိုများ၊ ဖိတ်ကြားထားသော မိတ်ဆွေ ဧည့်သည်များနှင့် ကျေးရွာ၏ အထွတ်အမြတ်နေရာဖြစ်သည့် ရွာလယ်မြေညီကွင်းပြင်၌ ပျော်ရွှင်စွာကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဓမ္မဆရာဦးဆောင်ပြီး လားဟူနှစ်သစ်ကူးပွဲတော်ကို ဆုတောင်းဖွင့်လှစ်၍ တက်ရောက်လာသော ဘိုးဘွား၊ မိဘ၊ ဆရာသမားများအား ဦးညွတ်ဂါရဝပြုခဲ့ကြကာ လားဟူနှစ်သစ်မင်္ဂလာအတွက် လက်ဆေးခြင်းမင်္ဂလာပြုလုပ်လျက် ဆုမွန်ကောင်းတောင်းခဲ့ကြသည်။ ယင်းနောက် လားဟူတိုင်းရင်းသားရိုးရာအိုးစည်ဗုံမောင်းများ တီးခတ်ကာ ရိုးရာမြေဝိုင်းအကများဖြင့် တပျော်တပါး စုပေါင်းတီးမှုတ်ကခုန်ခဲ့ကြပြီး နှစ်သစ်ကူးမိတ်ဆုံစားပွဲဖြင့် တက်ရောက်လာသူများအား တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

 

စိုင်းထွန်းမြင့်