မိုးနဲမြို့ ကုန်းကျိုင်းကျေးရွာ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ၏ အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲ ကျင်းပမည်

မိုးနဲ   ၆ ဇန်နဝါရီ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဩဝါဒစရိယ ကုန်းကျိုင်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ဖြစ်တော်မူသော ဘဒ္ဒန္တပဏ္ဍိတ သက်တော် ၈၁ နှစ် ဝါတော် ၆၁ ဝါသည် ၂၀၁၉ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် (၉၆)ပါးရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ရုပ်ကလပ်တော်ကို မြို့နယ်သံဃနာယက ဆရာတော်ကြီးများက အကြီးအမှူးပြု၍ တပည့်ဒါယကာ ဒါယိကာမများက ဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကို အန္တိမ အဂ္ဂိဈာပန မီးသင်္ဂြိုလ်ပူဇော်ပွဲကို ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီအချိန်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

 

35

 

အဆိုပါ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ နေ့စဉ်ဝတ်ရွတ်အသင်း ၁၅ သင်းတို့က ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သံဝေဂဓမ္မဒေသနာတရားတော်များကို ဇန်နဝါရီ ၆ ရက်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် သာသနပါလကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကောသလ္လ ကလည်းကောင်း၊ ဇန်နဝါရီ ၇ ရက်တွင် နမ့်စန်မြို့နယ် သံဃနာယကဥက္ကဌ သုခိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာလောက ကလည်းကောင်း၊ ဇန်နဝါရီ ၈ ရက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃအဖွဲ့ချုပ်ဥက္ကဌ လွိုင်လင်မြို့ သာသနဝိပုလ ဓာတ်တော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ ကလည်းကောင်း ည ၇ နာရီမှ ၈ နာရီခွဲအချိန်ထိ ဟောကြားပေးသွားမည်ဖြစ်ပြီး တရားပွဲပြီးနောက် ရှမ်းဘာသာ ဇာတ်သဘင်ဖြင့် ဖျော်ဖြေ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)