မိုးနဲမြို့ နားခံကျေးရွာ၌ ရေစိုနေသောလက်ဖြင့် ဖုန်းအားသွင်းရာမှ ဓာတ်လိုက်သေဆုံး

မိုးနဲ ၁ သြဂုတ်          

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု နားခံကျေးရွာတွင် ရေစိုနေသောလက်ဖြင့် ဖုန်းအားသွင်းရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မိုးနဲမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၃၀ ရက်နေ့ည ၈ နာရီအချိန်ခန့်က ဒုတိယရဲအုပ်ကျော်သီဟ မြို့မရဲစခန်း တာဝန်မှူးထမ်းဆောင်နေစဉ် ပြည်သူ့ဆေးရုံတွင် ဓာတ်လိုက်သေဆုံးသည့် လူနာတစ်ဦးရောက်ရှိနေကြောင်း အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ စိုင်းနွံ (၂၆)နှစ် နားခံကျေးရွာ ရပ်ကွက်(၁)နေသူဖြစ်ပြီး ဆက်လက်စုံစမ်းခဲ့ရာ သေဆုံးသူသည် ၄င်း၏သူငယ်ချင်း စိုင်းအောင်နှင့်အတူ တောင်ယာအပြန် နားခံကျေးရွာနေ စိုင်းတိ၏နေအိမ်၌ ရေစိုနေသောလက်ဖြင့် ဖုန်းမီးပလပ်ခေါင်းထိုးရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်ဒုတိယရဲမှူးမြင့်နိုင်၏ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)