မိုးနဲမြို့၌ စပါးရိတ်စက်၊ စပါးခြွေလေ့စက်ဖြင့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း သရုပ်ပြဆောင်ရွက်

မိုးနဲ ၂၇ အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ်းကျေးရွာအုပ်စု ဘက်စုံအဆင့်မြင့်နည်း ပညာသုံးစံပြစိုက်ခင်းတွင် စိုက်ပျိုးထားသော DU-12 မိုးစပါး ရိတ်သိမ်းချိန် ရောက်ရှိလာပြီဖြစ်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန် ရှိသူများနှင့် တောင်သူများပူးပေါင်းကာ ယနေ့နံနက် ၉ နာရီက ဦးပိုင်အမှတ် ၃၆ တောင်သူ ဦးစိုင်းထွန်း စိုက်ပျိုးထားသော လယ်စိုက်ခင်းတွင် ၆၆ ပေပတ်လည် (၀ ဒသမ ၁၀)ဧက စံကွက်ရိတ်သိမ်းခြင်းကို စပါး ရိတ်စက်၊ စပါးခြွေလေ့စက်ဖြင့် သရုပ်ပြ ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

မိုးစပါး စံကွက်ရိတ်သိမ်းရာနေရာသို့ လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်း နှင့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလင်းအေးချမ်းမောင်မောင်နှင့် ခရိုင်/မြို့နယ်ဝန်ထမ်းများ၊ မိုးနဲမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက စံကွက်ရိတ်သိမ်းမည့်လယ်ကွက်တွင် (၀ ဒသမ ၁၀)ဧကရှိ ကောက်ကွက်အနှံပါပင်ပွား၊ တစ်ပင်ပါ အောင်စေ့၊ အစေ့ ၁ဝဝဝ အလေးချိန်စသည့် စံနှုန်းတိုင်းတာခြင်း၊ ခြွေလေ့ထားသော စပါးများ၏ အထွက်နှုန်းကို တိုင်းတာခြင်းများဆောင်ရွက်ခဲ့ရာ စပါးအစိုတစ်ဧက အထွက်နှုန်း ၁၂၉.၅ တင်း၊ အခြောက် တစ်ဧက အထွက်နှုန်း တင်း ၁၂၀ ထွက်ရှိကြောင်း သိရသည်။

 

ဆက်လက်၍တောင်သူများအား ပုလဲဓာတ်မြေဩဇာများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများအနေဖြင့် နည်းပညာပိုင်ဆိုင်ရာအကူအညီများ လိုအပ်လာပါကလည်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့်နည်းပညာများဖြန့်ဝေပေးရန် အဆင်သင့်ရှိနေပါကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးဇော်မော်ဦးက ပြောကြားခဲ့သည်။

 

မျိုးညွန့်ရွှေ (ပြန်/ဆက်)