မိုင်ဆွန်ခ (မင်္ဂလာပါ ခင်ဗျ/ရှင့်)

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့၏အနောက်ဘက် ငါးမိုင်အကွာ မန္တလေး-လားရှိုး- မူဆယ် ကားလမ်းမကြီးပေါ်တွင် တည်ရှိသော ဘော်ကြိုကျေးရွာအုပ်စုမှ ရှမ်းလူငယ် မောင်မယ်လေးများ၏ လက်အုပ်ချီ နှုတ်ခွန်းဆက်ကြိုဆိုသံဖြစ်သည်။

 

ဘော်ကြိုကျေးရွာသည် ရှေးဟောင်းသမိုင်းဝင် ဘော်ကြို(မုဋ္ဌော) စေတီတော်မြတ်ကြီး တည်ရှိ၍ ပိုမို လူသိထင်ရှားခဲ့သည်။ အဆိုပါဘော်ကြို(မုဋ္ဌော) စေတီတော်မြတ်ကြီး၏ မြောက်ဘက်၌ မန္တလေး-လားရှိုး မီးရထားလမ်းရှိသည်။ ထိုမှတစ်ဆင့် သဘာဝဆားများထွက်ရှိရာ ဆားတွင်းရွာနှင့် ဟိုမော်၊ ပန်ကျီရွာတို့ ရှိကြသည်။ ယင်းရွာတို့ကိုကျော်လွန်သွားလျှင် လက်ဖက်ခင်း၊ လက်ဖက်ခြံတို့ရှိရာ တောင်စဉ်တောင်တန်းများက အစီအရီပင်။

 

ဘော်ကြိုစေတီတော်မြတ်ကြီး၏ တောင်ဘက်မှာကား ပြည်ထောင်စုကားလမ်းကြီး တည်ရှိပြီး မော်တော်ယာဉ် မျိုးစုံက နေ့ညမပြတ် အစုန်အဆန်သွားလာနေကြသည်။ အဆိုပါ ကားလမ်း၏တောင်ဘက် မနီးမဝေးတွင် မြေပြန့်ဒေသဆီသို့ စီးဆင်းနေသော ဒုဋ္ဌဝတီမြစ်ရှိသည်။

 

ထိုသို့သောနေရာ၌တည်ရှိသော ဘော်ကြိုကျေးရွာမှာ ဘော်ကြို၊ ဆားတွင်း၊ ဟိုမော်၊ ပန်ကျီ၊ မူးလေး၊ နားခဲနှင့် လွယ်ခွန်ကျေးရွာတို့ဖြင့် ဆက်စပ်ထားသည်။

 

ယင်းကျေးရွာတို့မှ လူငယ်လူရွယ်များအတွက် ဘော်ကြိုဘုရားကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဒေဝိန္ဒ (ဓမ္မကထိက ဗဟုဇန ဟိတဓရ) MA(သီရိလင်္ကာ)က ဦးဆောင်ကမကထပြု၍ ရပ်ဝေးရပ်နီးမှ အလှူရှင်များအကူအညီဖြင့် နှစ်ထပ် အာရ်စီဓမ္မစကူးလ်ကျောင်းဆောင်ကြီးကို ဘော်ကြိုရွာမ၌ တည်ဆောက် ခဲ့သည်။

 

ယခုနှစ် ဇန်နဝါရီ ၇ ရက်တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ပြီး ဓမ္မစကူးလ်ဆိုင်ရာ သင်တန်းများကို သင်ကြားပို့ချပေးခဲ့သည်။ တနင်္ဂနွေနေ့တိုင်း သင်တန်းပို့ချပေးသော ဘော်ကြိုဓမ္မစကူးလ်သင်တန်းသို့ ဒေသခံတိုင်းရင်းသားများသာမက အခြားဘာသာဝင်များကိုပါ ဗုဒ္ဓဘာသာအကြောင်းကို လွတ်လပ်ပေါ့ပါးစွာ တက်ရောက်လေ့လာသင်ကြားနိုင်ရန် စီမံပေးခဲ့သည်။

 

ထို့အပြင် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်တိုင်းတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းကိုလည်း ဖွင့်လှစ်စေခဲ့ပြီး သင်တန်းနည်းပြဆရာတော်များ၊ နည်းပြဆရာ ဆရာမများနှင့် သင်တန်းသားများအတွက် ကုန်ကျမှုအဝဝကို ဘော်ကြိုဆရာတော်က ကုသိုလ်ယူထောက်ပံ့ပေးတော်မူခဲ့သည်။

 

ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းတွင် အခြေခံရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖြာဖြာကို သင်ကြားပို့ချ ပေးခဲ့သည်။ လူငယ်လူရွယ်များ လမ်းမှားမရောက်စေရေးနှင့် မူးယစ်ဆေးဝါး၏ သားကောင်မဖြစ်စေရေး တို့အတွက် ယခုသင်တန်းများက များစွာအထောက်အကူဖြစ်စေခဲ့သည်။ ဘော်ကြိုဆရာတော်ဦးဆောင်မှုဖြင့် လူကြီးမိဘများ၊ ပညာရေးဝန်ထမ်းများ၊ နည်းပြဆရာများနှင့် စာရေးဆရာများကလည်း လိုအပ်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါ နွေရာသီ ရှမ်းစာပေယဉ်ကျေးမှုသင်တန်းနှင့် ဓမ္မစကူးလ်သင်တန်း နှစ်ရပ်၏ သင်တန်းဆင်းပွဲကို မေ ၆ ရက် နံနက်က ဘော်ကြိုဘုရားကြီး ကျောင်းတိုက်တွင် ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ ဘော်ကြိုဆရာတော်နှင့် ဆရာတော် သံဃာတော်များ၊ မြို့နယ်စာရေးဆရာအသင်းနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာလူကြီးများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဘော်ကြိုဆရာတော်က ငါးပါးသီလချီးမြှင့်၍ ဆုံးမဩဝါဒပေးတော်မူသည်။

 

ဆက်လက်၍ သင်တန်းနည်းပြဆရာတော်များနှင့် တာဝန်ရှိသူများက သင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြကြသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူ ၂၄ ဦးနှင့် ဆုရရှိသူ ၈၄ ဦးတို့ကို ဘော်ကြိုဆရာတော်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုပစ္စည်းများ ပေးအပ်ချီးမြှင့် ကြသည်။ ယခုသင်တန်းနှစ်ရပ်သို့ ဘော်ကြိုကျေးရွာ အုပ်စုအတွင်းမှ ဒေသခံတိုင်းရင်းသား လူငယ်မောင်မယ် ၁၇ဝ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နွေရာသီ ရှမ်းစာပေယဉ်ကျေးမှုသင်တန်း နှစ်လခွဲနှင့် ဓမ္မစကူးလ် သင်တန်းကို တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်သည်။ နှစ်စဉ်မပျက်လည်း ယခုလိုသင်တန်းများကို ပိုမိုတိုးမြှင့်ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း ဘော်ကြိုဆရာတော်က မြွက်ကြားတော်မူသည်။

 

မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော ရှေးဟောင်းသမိုင်းဝင် ဘော်ကြို(မုဋ္ဌော) စေတီတော်မြတ်ကြီး တည်ရှိရာ ဘော်ကြိုကျေးရွာဝန်းကျင် တစ်ဝိုက်မှ ဒေသခံတိုင်းရင်းသား ရင်သွေးငယ်များ၏ အနာဂတ်ဘဝမှာ အလင်းရောင် သမ်းလျက်ရှိသည်။ ဘာသာသာသနာနှင့် ယဉ်ကျေးမှု အဆုံးအမများကြောင့် လောကအလှဆင် နိုင်သော နှလုံးသားပိုင်ရှင်များ ဖြစ်လာကြ တော့ပေမည်။ လှပသော ရှမ်းတောင်တန်းများနှင့် ကြည်နူးဖွယ် ရှမ်းအိုးစည်သံများကလည်း ဒေသခံလူငယ်တို့ကို မိုင်ဆွန်ခ(မင်္ဂလာပါ)ဟူ၍ ကြိုဆိုနေဘိအလား ရှိချေတော့သည်။    ။

 

သီပေါကိုလတ်