မိုင်းဆတ်မြို့၌ လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လေယာဉ်ခရီးစဉ်ပြန်လည်ပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

           

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လေယာဉ်ခရီးစဉ် ရပ်နားထားခဲ့ကြောင်း၊ ယခုအခါ လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲနိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက် အညီ ပြန်လည်ပြေးဆွဲနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊ လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါမည့် သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးသူဖြစ်ရန်၊ ဆေးထိုးနှံထားခြင်း မရှိပါက ကျန်းမာရေးဌာနမှ (၄၈)နာရီအတွင်း(RDT)ဖြင့် စစ်ဆေးထားသည့် လက်မှတ်ပါရှိရန် စသည်တို့ကို ပြောကြားခဲ့သည်။

           

ထို့နောက် လေကြောင်းတာဝန်ခံမှ ဒီဇင်ဘာလ(၈)ရက်နေ့တွင် စတင်ပြေးဆွဲမည့် လေယာဉ်ခရီးစဉ် အတွက် လေကြောင်းဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တာဝန် ထမ်းဆောင်ရန် ညွှန်ကြားထားကြောင်း၊ လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါမည့်ခရီးသည်များကိုသာ လေယာဉ်ကွင်းအတွင်း ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

 

မြင့်မောင်(မိုင်းဆတ်)