မိုင်းဆတ်မြို့၌ ရှမ်းမင်းသားယာဉ်လိုင်းဂိတ် မီးလောင်မှုဖြစ်ပွား

မိုင်းဆတ် ၂၂ သြဂုတ်


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်ရှိ ရှမ်းမင်းသားယာဉ်လိုင်းဂိတ်တွင် သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရှမ်းမင်းသားယာဉ်လိုင်းဂိတ်မှူး ဦးကျော်တင့်သည် ယင်းနေ့ မွန်းလွဲ (၁)နာရီခွဲခန့်က ဂိတ်တွင် ဓာတ်ဆီတိုင်ကီအတွင်းမှ ဆီထုတ်ရန် ဂေါက်ဖြင့်ဖွင့်စဉ် မီးပွင့်ပြီး မီးစတင်လောင်ကျွမ်းနေကြောင်း သတင်းအရ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူတို့က ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ (၂)နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


မီးလောင်မှုကြောင့် ရှမ်းမင်းသားယာဉ်လိုင်းဂိတ် ဖွင့်ထားသည့် အလျားပေ (၃၀)၊ အနံပေ (၄၀)ရှိ သွပ်မိုးအုတ်ညှပ် တစ်ထပ်နေအိမ် (၁)လုံးနှင့် အဝတ်အစား အသုံးအဆောင် ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၁၄)သိန်းကျော်ဖြစ်ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုများမရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးကျော်တင့်အား မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။


သန်းဇော်(မိုင်းဆတ်)