မိုင်းဆတ်မြို့နယ်၌ အမျိုးသမီး ၁၂၅၈ ဦးအား သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေကုသပေး

မိုင်းဆတ် ၇ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေကုသပေးခြင်းကို ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်ထိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ရာ အမျိုးသမီး ၁၂၅၈ ဦးအား အခမဲ့စမ်းသပ် ရှာဖွေကုသပေးနိုင်ခဲ့ရှိကြောင်း သိရသည်။

 

4

 

"ကျန်းမာရေးအသိပညာနည်းပါးတဲ့ ကျွန်မတို့မြို့က ဒေသခံအမျိုးသမီးတွေကို အခုလို ရှမ်းပြည်နယ် ဝန်ကြီးချုပ်ရဲ့ ဇနီးကိုယ်တိုင် သားခေါင်းကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေး ပြောကြားပေးတဲ့အပြင် အထူးကုဆရာဝန်ကြီးတွေက အခမဲ့ ရောဂါစမ်းသပ် ရှာဖွေကုသပေးတော့ အရမ်းပိတိဖြစ်ရပါတယ်၊ ဒေသခံအမျိုးသမီးတွေကိုယ်စား အများကြီးကျေးဇူးတင်ပါတယ်"ဟု ကျဒယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်နာဘိုရှီးက ပြောသည်။

 

ရောဂါ အခမဲ့စမ်းသပ် ရှာဖွေကုသပေးခြင်းကို သားဖွားမီးယပ်ဆရာဝန် ကထိက ဒေါက်တာနန်းခင်စောညွန့်၊ ကထိက ဒေါက်တာသွယ်ဝင်းဖေနှင့် ဒေါက်တာခင်မိုးလှိုင် ဦးဆောင်သောအဖွဲ့က အသက်(၂၁)နှစ်မှ (၅၁)နှစ်အတွင်းရှိ အမျိုသမီး ၁၂၅၈ ဦးအား နှစ်ရက်တာ စမ်းသပ်ရှာဖွေကုသမှုအတွင်း သားအိမ်ခေါင်း ကင်ဆာအကြိုအဆင့် အမျိုးသမီး ၁၂၄ ဦး၊ သားအိမ်ရောင်သူ ၇၇ ဦး၊ အဖြူဆင်းသူ ၅၂ ဦး၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းသူ ၁ ဦးနှင့် ကင်ဆာရောဂါအဖြစ် သံသယရှိ၍ အသားစယူသူ ၈ ဦးရှိကြောင်း သိရသည်။

 

အဆိုပါ ရောဂါအခမဲ့စမ်းသပ် ရှာဖွေကုသပေးခြင်းကို ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများအား ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့်နှင့် ခေတ္တဥက္ကဋ္ဌ ဒေါ်ညိုညိုလွင်တို့က သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုနှင့် ရောဂါရှာဖွေ ကုသပေးမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

သန်းဇော်(မိုင်းဆတ်)