မိုင်းကိုင်မြို့နယ်၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ဓာတ်မြေဩဇာထောက်ပံ့ခြင်းနှင့် ငမြှောင်တောင် ကာကွယ်နှိမ်နှင်းရေး ထောက်ပံ့ပစ္စည်းပေးအပ်

မိုင်းကိုင် ၂၆ ဇူလိုင်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွက်  စိုက်ပျိုးရေးဦးစီးဌာနမှ  ဓာတ်မြေဩဇာနှင့် ငမြှောင်တောင် ကာကွယ်နှိမ်နှင်းရေး ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲကို ဇူလိုင် ၂၆ ရက်နေ့က မိုင်းကိုင်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်မှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်လွှတ်ကိုယ်စားလှယ်များ၊ ရပ်ကွက်ကျေးရွာ အုပ်စုများရှိ  တောင်သူများ တက်ရောက်ခဲ့ကြသည်။

 

ထောက်ပံ့ပစ္စည်းပေးအပ်ပွဲတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးဇော်ဝမ်းက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် မျိုးစေ့ဌာနခွဲ တာဝန်ခံ ဒေါ်မိမိလှိုင်းနှင့် လွိုင်လင်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နန်းစောမြတို့က မျိုးစေ့ထုတ်လုပ်ငန်း၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ တာဝန်ရှိသူများက တက်ရောက်လာကြသော တောင်သူများအား Covid-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွက် ကွန်ပေါင်းဓာတ်မြေဩဇာ၊ ယူရီးယားဓာတ်မြေဩဇာနှင့် ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နှင်းရေး အတွက်  ဖီနိုမုန်း ထောင်ချောက်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

 

၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မိုင်းကိုင်မြို့နယ်အတွက် မိုးစပါးမျိူးစေ့ထုတ် စိုက်ခင်းဧကပေါင်း ၃၀၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး တောင်သူများအား မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေး၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး၊ အရည်သွေးကောင်းသီးနှံများ ထွက်ရှိလာစေရေး၊ Covid-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ထောက်ပံ့ပစ္စည်းနှင့် မျိုးစေ့များ / သွင်းအားစုများကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးမှ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)