မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်တွင် တာဝန်ကျမဲရုံဝန်ထမ်းများအား ဆင့်ပွားသင်တန်း ထပ်ဆင့်ရှင်းလင်းခြင်း ဆောင်ရွက်

မိုင်းလုံ   ၅  နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများကို ယနေ့နံနက် ၁၀ နာရီခန့်က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆင့်ပွားသင်တန်းတွင် နမ့်ပိန်ရပ်ကွက် မဲရုံမှူး ဒေါ်ညွန့်ညွန့်လှိုင်မှ  သင်တန်းသား သင်တန်းသူ များကို မဲရုံဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများ၊ မဲရုံသုံးပစ္စည်းများအကြောင်း၊ မဲပေးရန် ကြိုတင် ပြင်ဆင်ခြင်း၊ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်၊ မဲရုံလုပ်ငန်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာ ရမည့် စည်းကမ်းချက်များ စသည်တို့ကို အသေးစိတ်ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။

 

နမ့်ပိန်ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲရုံ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြပြီး မဲရုံလုပ်ငန်းဆိုင်ရာ ဆင့်ပွားသင်တန်း ကို ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)