မိုင်းဖြတ်မြို့နယ် နမ့်လန်းကျေးရွာ၌ ၂၄ နာရီ ရေအားလျှပ်စစ်မီးဖွင့်ပွဲကျင်းပ

မိုင်းဖြတ် ၈ အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းကျေးရွာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်ရန်ပုံငွေ ကျပ်သန်း ၁၁၀.၉၈၀ ဖြင့် ဆောင်ရွက်သည့် ၂၄ နာရီ ရေအားလျှပ်စစ်မီး သွယ်တန်းပြီးစီးခြင်းအထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက နမ့်လန်းကျေးရွာတွင်း ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက နမ့်လန်းကျေးရွာသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် ကျေးရွာတစ်ရွာဖြစ်လာသည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများနှင့် စပ်လျဉ်း၍  အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ကျေးရွာနေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် ခက်ခဲစွာကြိုးစား ဆောင်ရွက်ခဲ့ရခြင်းနှင့် ယခုအခါ ၂၄ နာရီ လျှပ်စစ်မီးရရှိပြီဖြစ်သည့်အတွက် ဝိုင်းဝန်း ထိန်းသိမ်းနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းအောင် အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် နမ့်လန်းကျေးရွာနေပြည်သူ မခင်ချိုချိုနိုင်က ကျေးရွာနေ ပြည်သူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း(ကျိုင်းတုံ)မှ ပြည်နယ်ဦးစီးမှူး ဒုတိယအင်ဂျင်နီယာချုပ် ဦးသက်ပိုင်မျိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က ရေအားလျှပ်စစ်မီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက   ၂၄ နာရီ ရေအား လျှပ်စစ်မီးခလုတ်အားနှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နမ့်လန်းကျေးရွာအတွင် မိသားစုဝင်အိမ်ခြေ ၄၇ အိမ်ရှိပြီး မီတာဘောက်တစ်လုံးလျှင် ကျပ် နှစ်သိန်းနှုန်းဖြင့် ကန်လုံရေအားလျှပ်စစ်ကုမ္ပဏီမှ တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)