မိုင်းဖြတ်၌   အခြေခံစားသောက်ကုန် စျေးနှုန်းများကြီးမြင့်မှု မရှိစေရေး ကွင်းဆင်းအသိပညာပေး

မိုင်းဖြတ် ၈ ဧပြီ 

 


ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် အချိန်ကာလတွင် အခြေခံစားသောက်ကုန် စျေးနှုန်းများကြီးမြင့်မှု မရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ်ကုန်စည်စျေးနှုန်း တည်ငြိမ်/ထိန်းချုပ် ကြပ်မတ်ကွက်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကုန်စည် စျေးနှုန်း တည်ငြိမ်/ထိန်းချုပ် ကြပ်မတ်ကွက်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စားသုံးသူ မိဘပြည်သူများ အမြဲဝယ်ယူလေ့ရှိသော ကုန်စုံဆိုင်ကြီးများသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် အချိန်ကာလတွင် အခြေခံစားသောက်ကုန် စျေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး၊ ကုန်ပစ္စည်းများတွင် စျေးနှုန်းများ ကပ်ထားရေး ပုံမှန်စျေးအတိုင်းသာ ရောင်းချရေးနှင့် ပြည်သူများ အထိန်တလန့် ဖြစ်ပွားမှုမရှိစေဘဲ ကုန်စျေးနှုန်းများကို ပုံမှန်စျေးထက် ပိုမိုရောင်းချခြင်း မပြုစေရန်၊ စျေးဆိုင်များကို ပုံအမှန်အတိုင်း ဆက်လက်ဖွင့်ထားပေးရေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။

 

ကုန်းဈေးနှုန်းနှင့် ပတ်သက်ပြီး “ကျွန်မတို့က ကုန်တွေကို တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များက အဓိက ဝယ်ယူ ရောင်းချတာပါ။ အဓိက ဝယ်ယူတဲ့မြို့က စျေးနှုန်းမတတ်ရင် ပုံမှန်အတိုင်းသာ ရောင်းချပါတယ်” ဟု ဦးဇော်ဝမ်း ကုန်စုံဆိုင်မှ ဒေါ်နန်ရှဲန်ရွက် ပြောသည်။ အလားတူ မြို့နယ်ကုန်စည်စျေးနှုန်း တည်ငြိမ်/ထိန်းချုပ် ကြပ်မတ်ကွက်ကဲရေးအဖွဲ့ အတွင်းရေးမှူး ဦးတိုးဇော်ထွန်းက “ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးချက်များအရ   ယခင်ကထက်  စျေးနှုန်းကွာဟမှု အနည်းငယ်သာရှိပါတယ်” ဟု ပြောသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)