မိုင်းဖြတ်၌ ကျန်းမာရေးစစ်ဆေးမှု (A)အဆင့်ရှိသော စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းရေးကွင်းဆင်းစစ်ဆေး

မိုင်းဖြတ်၊ ၁၀ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များကို ကျန်းမာရေးစစ်ဆေးမှု (A)အဆင့်ရှိသော ဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက်  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခန့်က ဒုတိယအကြိမ်  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့ စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၊  ဦးသက်လွင်၊ အတွင်းရေးမှူး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကျန်းမာရေးစစ်ဆေးမှု (A)နှင့်အညီ ဖွင့်လှစ် ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ယခင်က ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားပြီးဖြစ်၍ ယခုအခါ  ကျန်းမာရေးစစ်ဆေးမှု (A)အဆင့်ဖြင့် ကိုက်ညီသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင် လိုက်နာရမည့် အချက်များမှာ လက်သန့်ဆေးရည်၊  လက်ဆေးကန်များထားရှိရန်၊ စားပွဲများတွင် ဆိုင်ထိုင်စားသောက်မည့် လူတစ်ဦးနှင့်တစ်ဦးကြား အကွာအဝေးနှင့် ကာရန်ထားရမည့် Partition အား ဆောင်ရွက်ထားရန်၊ ရောင်းချ/ ပြင်ဆင်ဝန်ဆောင်မှု ပေးသူများအားလုံး မျက်နှာကာနှင့် နှာခေါင်းစည်း တပ်ဆင်ထားရန်နှင့် ဆိုင်အတွင်း/အပြင်၌ Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေးအသိပေးနှိုးဆောင်ချက် ပိုစတာများ၊ ဆိုင်းဘုတ်များ ကပ်ထား/စိုက်ထူထားရန် စသည့်အချက်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)