မိုင်းရှူးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းရှူး ဧပြီ ၁၃

 

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မိုင်းရှူးမြို့၊ ဟံသာမုနိဘုရားကြီးရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်က နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များ ကျင်းပရာတွင် နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းချိန်၌ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ကျင်းပကြကြောင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေနှင့် ဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုကာ သင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ်များ၊ အတီးအမှုတ်များဖြင့် ကပြဖျော်ဖြေ၍ ခြိမ့်ခြိမ့်သဲဆင်နွှဲကြကြောင်း၊ မြန်မာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲရန်နှင့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အလှူဒါနပြုခြင်း စသည့်မင်္ဂလာအပေါင်းပြည့်စုံစွာဖြင့် နှစ်သစ်ကို အတူတကွကြိုဆိုကြရမည်ဖြစ်ပါကြောင်း နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

 

npe

 

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် ဗိုလ်မှူးကြီးဇော်ထက်နိုင်တို့က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း တေးသီချင်းဖြင့် ကပြဖျော်ဖြေကာ တက်ရောက်လာကြသည့် ပရိသတ်များအား မင်္ဂလာရေစင်ဖျန်းပက်၍ ပျော်ရွှင်စွာ ရေကစားကြသည်။

 

ယင်းနောက် ယိမ်းအကအဖွဲ့များက ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)