မိုင်းယောင်းမြို့နယ်တွင် အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုင်းယောင်း ၂၆ ဇူလိုင်

 

ရောင်းချရာတွင် မိသားစုဝင်ငွေ ပိုမိုရရှိစေ၍ တောင်သူများအတွက် အကျိုးပြုသည့် သီးနှံဖြစ်သောကြောင့် မိုးအစေ့ထုတ်ပြောင်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

မိုးသီးနှံပြောင်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် လေးပြည်စိုက်ရပြီး မျိုးစရိတ်၊ မြေပြင်ခြင်း၊ အလုပ်သမား၊ မြေဩဇာ၊ ပိုးသတ်ဆေးဖိုးများအပါအဝင် စုစုပေါင်းကျပ် ၂၈၀ဝ၀ဝ ကျော်ခန့် ကုန်ကျကြောင်း၊ CP888၊ CP222 တရုတ်မျိုးနှင့် ဒေသမျိုးအဖြစ် ဧကရီ၊ သက်လတ်ရွှေဝါနှင့် အခြားမျိုးများ အနည်းငယ် စိုက်ပျိုးကြကြောင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးသော ဒေသခံတောင်သူ တစ်ဦးက သိရသည်။

 

ပြောင်းစိုက်ပျိုးရာ၌ ဒေသအလိုက် သင့်လျော်သော အထွက်ကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးကြရာ မိုးရာသီတွင် ဧပြီလမှ မေလကုန်စိုက်ပြီး ဆောင်းရာသီတွင် အောက်တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုးသင့်ကြောင်း၊ မြေဩဇာထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေတို့နှင့် ရေဝပ်ခြင်းမရှိ လေဝင်လေထွက်မျှတ၍ မြေဆီလွှာနက်သော မြေမျိုးတို့တွင် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ အစေ့ထုတ်ပြောင်းများကို မိုင်းယောင်းမြို့နယ်တွင် များစွာစိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မိုးအစေ့ထုတ်ပြောင်းစိုက်ပျိုးမှု အောင်မြင်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချချိန်တွင်လည်း ဈေးကောင်းရရှိရန် ဒေသခံတောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)