မိုင်းယောင်း၌ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး ထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်း

မိုင်းယောင်း ၂၃ အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းနှင့် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါသည် အမျိုးသမီးများ၌ အဖြစ်များလေ့ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များတွင် ဝက်သက်ရောဂါပိုး ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျခြင်း၊ မျက်စိအတွင်းတိမ်ခြင်း၊ စွံ့အနားမကြားသည့် ကလေးငယ်များလည်း မွေးဖွားလာနိုင်ကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ပရိုဂျက်တာပြသကာ အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးမှူး ဦးမြတ်စိုးအောင်က ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးထိုးနှံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း စုရပ်များသတ်မှတ်ကာ သတ်မှတ်ရက်များအတွင်း တိုက်ကျွေးထိုးနှံပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

မိုင်းယောင်း၌ အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ မွေးစမှ အသက်ငါးနှစ်အောက် ကလေးငယ်များကို ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးပေးခြင်းနှင့် အသက်ကိုးလမှ အသက်ငါးနှစ်ခွဲရှိ ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးမည်ဖြစ်ရာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများက ကလေးငယ်များ ကျန်ရှိမနေစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

အားချာ(ပြန်/ဆက်)