မိုင်းယုမြို့ နမ့်ပန်းဒေသမှ Quarantine (၂၁)ရက်ပြုလုပ်ပြီးသော နေရပ်ပြန်ပြည်သူများအတွက် ကြိုတင်စီစဉ်ထားမှုများအား ကွင်းဆင်းစစ်ဆေး

မိုင်းယု   ၃ မေ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယုမြို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ၌ Quarantine (၂၁)ရက် ပြုလုပ်ပြီးသောသော နေရပ်ပြန် ပြည်သူများအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို ယနေ့ ညနေ ၃ နာရီက မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ 

 

ထိုသို့စစ်ဆေးရာတွင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် အဖွဲ့ဝင်များက အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှ Quarantine (၂၁)ရက် ပြုလုပ်ပြီးသော နေရပ်ပြန် မြန်မာအလုပ်သမားများအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် မိုင်းယုမြို့ မြို့မရပ်ကွက် အားကစားကွင်း၌ လက်ဆေးရန်၊ ကျန်းမာရေးစစ်ဆေးရန်၊ သတင်းနှင့် စာရင်းကောက်ယူနိုင်ရေး၊ အစားအသောက်များ စီစဉ်ထားမှု၊ နားနေနိုင်ရေးနှင့် သတ်မှတ်ကားများ ကြိုတင်ထားရှိမှု အခြေအနေများ၊ ငွေလဲကောင်တာ၊ အဝင်အထွက် မှန်ကန်စေရေး၊ လုံခြုံရေးဆိုင်ရာများ၊ စနစ်တကျသွားလာမှု အခြေအနေတို့ကို စစ်ဆေးကာ လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့သည်။ 

 

တရုတ်နိုင်ငံမှ  ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူများကို မေ ၄ ရက် နံနက်ပိုင်းတွင် အထူး(၄)၊ နမ့်ပန်းဒေသမှ မိုင်းယု-ကျိန်းယဲန်းတံတားပေါ်တွင် လွှဲပြောင်းလက်ခံကာ မိုင်းယုမြို့ အားကစားကွင်း၌ ကျန်းမာရေးစစ်ဆေးကာ မိမိဒေသများသို့ ပြန်နိုင်ရန် မိုင်းယုမြို့မှတစ်ဆင့် တောင်ကြီးမြို့သို့ လိုင်းကားများဖြင့် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)