မိုင်းယုမြို့၌ ဝိုင်ယာရှော့ဖြစ်ရာမှ စိုက်ပျိုးရေးပစ္စည်းများ သိုလှောင်ထားသည် ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွား

မိုင်းယု ၂၆ ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ မြို့မရပ်ကွက်ရှိ ငရုတ်ခြံအတွင်း စိုက်ပျိုးရေးသုံးပစ္စည်းများ သိုလှောင်ထားသည့် သံတိုင်၊ သွပ်မိုးသွပ်ကာဂိုဒေါင်တစ်လုံး ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ရာမှ မီးလောင်မှုပွားခဲ့သည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးနေထွန်းနှင့် သတ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် (၂)စီး၊ နယ်မြေခံစခန်းမှူး ရဲအုပ် အောင်ဇော်မင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီခွဲတွင် မီးငြိမ်းခဲ့သည်။

 

မီးလောင်ကျွမ်းခဲ့သည် ဂိုဒေါင်မှာ မြို့မရပ်ကွက်ရှိ ဒေါ်နန်းဖုန်း ပိုင်ဆိုင်သည့် သံတိုင်၊ သွပ်မိုးသွပ်ကာဖြစ်ပြီး အလျား ပေ ၆၀၊ အနံ ပေ ၂၀၊ အမြင့် ၁၀ ပေခန့်ရှိပြီး အဆိုပါ ဂိုဒေါင်အတွင်းရှိ စိုက်ပျိုးရေးသုံး ကျူးရိုးများနှင့် သုံးဘီးဆိုင်ကယ်အဟောင်း (၃)စီးတို့ မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်အပေါ် မိုင်းယုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)