မိုးညှင်းစိုက်ပျိုးရေး သုတေသနခြံသို့ အင်းတော်ကြီးမြို့မှ တောင်သူ ၅၀ ကျော် လေ့လာရေးလာရောက်

မိုးညှင်း ၂၄ ဩဂုတ်  

ကချင်ပြည်နယ်၊     မိုးညှင်းခရိုင် ၊   မိုးညှင်းမြို့နယ်၊    အင်ကြင်းကုန်းကျေးရွာအုပ်စု ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး ဘေးတွင်တည်ရှိသည့် မိုးညှင်းစိုက်ပျိုးရေး သုတေသနခြံသို့ အင်းတော်ကြီးမြို့မှ ဒေသခံတောင်သူ ၅၄ ဦးသည် အောင်မြင်ဖြစ်ထွန်းနေသည့် သုတေသနပြုလုပ် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ စမ်းသပ်စိုက်ကွင်းများ လေ့လာနိုင်ရန် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် လာရောက်ခဲ့ကြသည်။

ရှေးဦးစွာ စိုက်ပျိုးရေးသုတေသနအရာရှိ ဦးမြင့်သောင်းက ဌာနလုပ်ငန်းရည်ရွယ်ချက်များနှင့်ပတ် သက်၍ရှင်းလင်းပြောကြားရာတွင် ရေမြေဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းအရည်အသွေးကောင်းမွန်သည့် စပါးမျိုးများရွေးချယ်ထုတ်လုပ်ရန် ဒေသနှင့် သင့်လျော်သည့် စိုက်ပျိုးနည်းစနစ်များ စပါးအခြေခံသီးနှံပုံစံများ စမ်းသပ်ရှာဖွေဖော်ထုတ်ရန် သီးနှံမျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဖြူးရန် ရည်ရွယ်ဆောက်ရွက်လျက်ရှိကြောင်း မိမိတို့ဌာနတို့ လေ့လာရေးလာရောက်သည့်အဖွဲ့များတွင် ယခုဖွဲ့သည်လူဦးရေအများဆုံး လာရောက်သည့်အဖွဲ့ဖြစ်သည့်အတွက် ဌာနကိုယ်စား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သုတေသနလက်ထောက်-၂ ဒေါ်တင်တင်ချိုက  Breeding House ထဲတွင် သုတေသနပြုစိုက်ပျိုးထားသည့် ဆင်းဧကရီ-၃ နှင့် ကိုရီးယားမျိုးစပါး ပေါင်းစပ်ထုတ်လုပ်ထားသည့် စပ်မျိုးစပါးစမ်းသပ် ပျိုးပင်များကိုလည်းကောင်း၊ သုတေသန လက်ထောက် -၃ ဦးဝေမင်းဦးက သုသေသန ခြံဝင်းများအတွင်း အောင်မြင်ဖြစ်ထွန်းနေသည့် မိဘမျိုးစေ့ထုတ် သုတေသန စမ်းသပ်စိုက်ကွက်များကိုလည်း ကောင်းလေ့လာရေးလာရောက်သည့် တောင်သူများအား လိုက်လံရှင်းလင်းပြသပေးခဲ့ကြသည်။

တစ်နိုင်ငံလုံးတွင် စိုက်ပျိုးရေးသုတေသနခြံပေါင်း ၂၅ ခြံ ရှိသည့်အနက် မိုးညှင်းစိုက်ပျိုးရေးသုတေသနခြံသည် ကချင်ပြည်နယ်၏ တစ်ခုတည်းသော ပြည်နယ်ကိုယ်စားပြုခြံဖြစ်ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)