မိုးညှင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ယာယီဈေးပြောင်းရွှေ့ဖွင့်လှစ်

မိုးညှင်း  ၂၇       ဧပြီ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် လူထူထပ်ခြင်းမှရှောင်ရှားနိုင်ရန် မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင်ဈေးကြီး ၃ဈေးမှ သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်ရောင်းချသည့် ဈေးသည်များအား ယနေ့နံနက် ၅ နာရီမှ စ၍ ယာယီဈေးအဖြစ် ဖွင့်လှစ်ထားသည့် မြို့နယ်ပြည်သူ့ အားကစားကွင်းအတွင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။

           

ယခုဖွင့်လှစ်သည့် ယာယီဈေးကြီးတွင် ဆိုင်ခန်းပေါင်း  ၉၂၀ ကို လူထူထပ်ခြင်း မရှိစေရေးနှင့် သတ်မှတ်အကွာအဝေး များရှိစေရန် ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ၆ ပေခြားထားပြီး ဈေးဝယ်သူများ အသုံးပြုသည့် လျှောက်လမ်းအကျယ်ကို ၁၀ ပေ သတ်မှတ်ထားရှိ၍ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် လက်ဆေးဘေစင်များကိုလည်း ဈေးအဝင်ဝများနှင့် အချက်အခြာနေရာများတွင်လည်း အလွယ်အတူ လက်ဆေးနိုင်ရန် တပ်ဆင်ထားရှိသည်။

 

24

 

 “အဓိကတော့ လူအထိအတွေ့များတဲ့ ကုန်စိမ်း၊ ကုန်ခြောက်၊ အသားငါးရောင်းချတဲ့ ဆိုင်တွေကို ပြောင်းရွှေ့ဖွင့်လှစ်တာဖြစ်တယ်၊ ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင် ၆ ပေခြားထားတယ်၊ အခုဖြစ်နေတဲ့ရောဂါက လူတစ်ဦးနဲ့ တစ် ဦး ထိစပ်မှုကနေ ကူးနိုင်တာကြောင့် ဒီလိုပြောင်းရွှေ့ဖွင့်လှစ်ခြင်းဖြစ်တယ်ဟု ယာယီဈေးဖွင့်လှစ်မှုနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက ပြောသည်။

           

ဈေးဖွင့်လှစ်ရောင်းချနိုင်ရန် နေရာသတ်မှတ်ခြင်းကိုစနစ်တကျရှိစေရေးလူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ဧပြီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ရောင်းချသည့်ကုန်အမျိုးအစားပေါ်မူတည်၍ ၁၀ ဦး တစ်ဖွဲ့ မဲနှိုက်စနစ်ဖြင့် နေရာချထားပေးခဲ့ကြသည်။

 

ယနေ့ဖွင့်လှစ်သည့် ယာယီဈေးကြီးအတွင်း မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် ဈေးကြီး (၃)ဈေးမှ သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်ရောင်းချသည့် ဈေးသည်ပေါင်း ၈၄၈ ဦး လာရောက်ဖွင့်လှစ်ရောင်းချ လျက်ရှိရာ ဈေးရောင်း ဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများက နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(ပြန်/ဆက်)