မိုးညှင်း၌ ညမထွက်ရအမိန့် ဖောက်ဖျက်သူတစ်ဦးအား အလုပ်နှင့်ထောင်ဒဏ် တစ်လချမှတ်

မိုးညှင်း ၃၀ ဧပြီ

ကချင်ပြည်နယ် မိုးညှင်းမြို့၌ လတ်တလော ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ဖောက်ဖျက် ကျူးလွန်သူ လူငယ်တစ်ဦးအား ဧပြီ ၂၉ ရက်က အလုပ်နှင့်ထောင်ဒဏ်တစ်လ ချမှတ် အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီးဖြစ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိုးညှင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်နှင့် တာဝန်ရှိသူများပူးပေါင်း၍ လှည့်ကင်း၊ ပတ်ကင်းများ ဆောင်ရွက်နေစဉ် ဧပြီလ ၂၈ ရက်၊ ည ၁၁ နာရီခန့်က ပုညရှင်စက္ခုပါလ ဆေးရုံအနီး အောင်သပြေ(၃)ရပ်ကွက်နေ ကျော်သူ(ခ) သန့်ဇင်ဦး(၂၀နှစ်)အား အကြောင်းပြချက်မရှိပဲ သတ်မှတ်ချိန်ကျော်လွန်ကာ ညအချိန် အပြင်ထွက်ခြင်းကြောင့် မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ အမှုဖွင့်လှစ်တိုင်တန်းခဲ့ပြီး မြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်လချမှတ်ခဲ့ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)