မြို့နယ် ကိုဗစ် - ၁၉ ကော်မတီမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ လိုအပ်သည်များ ကူညီပံ့ပိုး

ပြင်ဦးလွင်၊  ၁၀  ဒီဇင်ဘာ

 

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅) အတွင်းရှိ Home Quarantine ထားရှိသည့် အိမ်ထောင်စု ရှစ်စုအား ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ် ကိုဗစ် - ၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်မောင်နှင့် ကော်မတီဝင်များ၊ ဘဏ္ဍာရေး ကော်မတီဝင်များမှ အခြေခံစားသောက်ကုန် (ဆန်၊ ကြက်ဥ၊ ယမ်ယမ်ခေါက်ဆွဲခြောက်) များ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။

    

ထို့နောက်ဇီးပင်ကြီး ကုတင် (၅၀) ဆံ့ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများအား ရေသန့်ကတ်များ ပေးအပ်ခြင်းနှင့် တာဝန်ဆောင်ရွက်နေမှုများအပေါ် မြို့ပြည်သူများ ကိုယ်စားအသိအမှတ်ပြု ဂုဏ်ယူကြောင်း အား​ပေးစကားပြောကြားခဲ့ပြီး (၂၃) မိုင် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ကျဌာနဆိုင်ရာများအား လုပ်ငန်းဆောင်ရွက်နေမှုများ အပေါ်လိုအပ်သည်များ မှာကြားကာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဖြင့် အထူးဂရုပြု ဆောင်ရွက်ကြစေရေး မှာကြားခဲ့သည်။

         

ဆက်လက်၍ သံတောင်ကျေးရွာ သာမဏေကျော် ကျောင်းတိုက်ရှိ Facility QuarantineCenter သို့ ဆန်၊ ပဲ၊ ငါးခြောက်၊ ယမ်ယမ်ခေါက်ဆွဲခြောက်၊ ရေသန့်ကတ်များအား ည‌နေ (၅) နာရီတွင် သွားရောက်ထောက်ပံ့ ပေးအပ်၍ တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် Volunteer များအား အသိအမှတ်ပြု ဂုဏ်ယူပါကြောင်းနှင့် အားပေးစကား ပြောကြား‌ခဲ့ကြောင်း သိရသည်။

 

မြတ်ဆုမွန်